ဖေဖော်ဝါရီ ၂၀
ကချင်နိုင်ငံရေးပါတီများပေါင်းစည်းပြီးနောက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNCP)ဟု အမည်ပေးရန် ပါတီသုံးခုက သဘောတူထားကြောင်း အသိပေးကြေညာခဲ့သည်။
အဆိုပါ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းပြီးနောက်တွင် အသုံးပြုမည့် ပါတီအမည်၊ အလံနှင့်အမှတ်တံဆိပ်များရွေးချယ်ထားခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားမြို့ မနောင်ကွင်းရှိ မဂျွယ်ခန်းမ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူများအားအသိပေးကြေညာခဲ့သည်။

ကချင် နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့ ပါဝင်ကာ ၎င်းတို့ကိုယ်တိုင် ဆက်လက်အသုံးပြုမည့် ပါတီအမည်၊အလံနှင့် အမှတ်တံဆိပ်တို့ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“တံဆိပ်က ကချင်အမျိုးသားအလံ ဓားနှစ်လက် အပေါ် အနီ အောက်အစိမ်းနဲ့၊ အပေါ်ထောင့်မှာ ကြယ်ဖြူတစ်ပွင့် ပါဝင်မယ်”ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဥက္ကဋ္ဌဒေါက်တာ Mကောန်လက နောင်တွင် ၎င်းတို့အသုံးပြုမည့် အလံအကြောင်း ရှင်းပြသည်။
ပေါင်းစည်းလိုက်သည့် ကချင်ပါတီ ၃ ပါတီက သဘောတူရွေးချယ်ထားသော ပါတီအမည်နာမ၊ လိုဂိုနှင့်အလံတို့နှင့်ပတ်သက်၍ ကျင်းပကာ လာမည့် မတ်လ ၃၁ ရက်တွင်ပြည်သူလူထု၏ သဘောထားဆန္ဒကိုခံယူမည့် ညီလာခံတစ်ရပ်ကို ကချင်အမျိုးသား များအတိုင်ပင်ခံအဖွဲ့က ဦးဆောင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသဘောထားဆန္ဒခံယူမည့်ညီလာခံတွင် ပြည်သူလူထုနှင့် တွေ့ဆုံပြီး မိမိတို့ပါတီများသဘောတူ ရွေးချယ်ထားသည်များကို တင်ပြသွားမည်ဖြစ်ကာ ရရှိလာမည့်ရလဒ်ကို အတည်ပြုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ရှင်းပြပြောဆိုသည်။
“KNCP ဆိုတာ တရားဝင်ပါတီ မဟုတ်သေးဘူး။ ပါတီတစ်ခုကို တည်ဆောက်မယ်ဆိုရင် နာမည်ဘယ်လိုပေးရင် ကောင်းမလဲဆိုတဲ့ဟာကို အရင်ညှိပြီး သဘောတူညီထားတာပါ။ လူထုကိုယ်စားလှယ်တွေရဲ့ အသိအမှတ်ပြုမှု မရရှိသေးဘူး။ မှတ်ပုံတင်ရထားတာလဲ မဟုတ်သေးဘူး။ ဒါကြောင့် ညီလာခံမှာအတည်ပြုမှု ရယူရမှာပါ”ဟု ဒေါက်တာ တူးဂျာက ပြောသည်။
ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ကြသော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ပါတီများ ပေါင်းစည်းလာနိုင်ရေးအတွက် အလွန်ခက်ခဲသောအခြေအနေများအား ဖြတ်သန်းခဲ့ရကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ(KDP)မှ ဥက္ကဋ္ဌဦးအောင်ခမ်းက ပြောသည်။
“ပေါင်းတယ် ပြန်ဖျက်တယ်ဆိုတဲ့အပိုင်းတွေ ရှိခဲ့တယ်။ ပေါင်းစည်းတယ်ဆိုတာမလွယ်ဘူး။ တကယ်တမ်း စိတ်ဆန်္ဒရှိမှပဲ ပေါင်းစည်းနိုင်တာပါ။ သုံးပါတီဟာ ပေါင်းစည်းဖို့ စိတ်ဆန်္ဒ တကယ်ရှိတယ်။ ကချင်အမျိုးသားအတွက် ကချင်ပြည်နယ်အတွက် စုစည်းရမယ်ဆိုတာကို လက်ခံတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာ ပေါင်းစည်းလာနိုင်တာဖြစ်တယ်”ဟု ဦးအောင်ခမ်းက ပြောသည်။
ယခုကဲ့သို့ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ခဲ့ရခြင်းမှာ ပြည်သူလူထု၏ သဘောထားဆန္ဒနှင့် တောင်းဆိုမှုအရကြောင့်သာဖြစ်ပြီး အနာဂတ်တွင် တစ်ပါတီချင်းအနေနှင့် လျှောက်လှမ်းနေမည်ဆိုပါက အောင်မြင်မှုရရှိမည်မဟုတ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။
“အောင်မြင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ နိုင်ငံရေးအရ အောင်မြင်ဖို့ဆိုရင် ပေါင်းစည်းဖို့လိုတယ်။ ဒါကြောင့် ပေါင်းစည်းဖို့ ကြိုးစားခဲ့တာ”ဟု ဦးအောင်ခမ်းက ဆက်လက်ပြောသည်။
ကချင်နိုင်ငံရေးပါတီ ၇ ပါတီ ရှိသည့်အနက် သုံးပါတီမှာ ပေါင်းစည်းနိုင်ခဲ့ပြီး အခြားပါတီ ၄ ပါတီကိုလည်း ပေါင်းစည်းရေးတွင် ပါဝင်လာရန် လူထုညီလာခံ မကျင်းပမီ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့က ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ဆိုသည်။
ကချင်နိုင်ငံရေးပါတီကြီး တစ်ခုပေါ်ထွန်းလာပါက ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲစနစ်ဖြင့် ဦးဆောင်မည့် ခေါင်းဆောင်ဥက်္ကဋ္ဌ၊ အတွင်းရေးမှူးများ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ Mကောန်လက ရှင်းပြသည်။
“၃၁ ရက်နေ့မှာ ပါဝင်လာတဲ့ ကျန်တဲ့ပါတီတွေအနေနဲ့ကျွန်တော်တို့ ဦးဆောင်တဲ့ လက်အောက်မှာ လုပ်ရမယ်လို့ မရည်ရွယ်ဘူး။ ရွေးချယ်မှုစနစ်တစ်ခု လုပ်ထားတယ်။ ကျန်တဲ့လေးပါတီလာခဲ့သော် လူထုက ဆောင်ရွက်ချင်စိတ် ရှိခဲ့သော် တစ်ပါတီချင်းစီရဲ့ အရေအတွက်တူတဲ့ ဗဟိုကော်မတီဝင်တွေနဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲစနစ် လုပ်သွားမှာပါ”ဟု ၎င်းကပြောသည်။
ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် မပါဝင်သေးသည့် ကျန် ၄ ပါတီမှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ(LNUDP)နှင့် မကြာမီက တည်ထောင်လိုက်သည့် ဒေါ်ဘောက်ဂျာနှင့် ဦးစီစီနော်ဂျာတို့ ဦးဆောင်သည့် ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတို့ဖြစ်ကြောင်း၊ ထိုပါတီများအား ညီလာခံမကျင်းပမီ တစ်လအတွင်း ပေါင်းစည်းလာရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP)သည် ဗဟိုကော်မတီ အစည်းအဝေးအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် လော်ဝေါ်လူထုများက ပေါင်းစည်းရေးအတွက်ပါဝင်ခြင်းကို လက်မခံသည့်အတွက်ကြောင့် သီးသန့်ပါတီအနေဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဟု ပါတီဥက်္ကဋ္ဌ ဦးလခမ်ဒေါင်ခမ်းက ပြောကြားခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီက နိုင်ငံရေးမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြကြောင်း သဘောထားထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ယင်းမူဝါဒများမှာ ပြည်နယ်ပေါင်းစုမူကို အခြေခံသောပြည်ထောင်စုမူအပေါ် ရပ်တည်ရန်၊ ဖက်ဒရယ်စနစ်ကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်သွားရန်၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုသော သာတူညီမျှစီးပွားရေးစနစ်ကို ဖော်ဆောင်ရန်နှင့် နိုင်ငံတကာအဆင့်မီသော ပညာရေးစနစ်၊ ကျန်းမာရေးစနစ်နှင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော လှုမှုဘ၀တည်ဆောက်သွားရန် စသည့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒ သုံးရပ်ကို ချမှတ်ခဲ့သည်။
“ငြိမ်းချမ်းရေးကို ဘာလို့ရှေ့မတင်သလဲဆိုတော့ ငြိမ်းချမ်းရေးထက် အရေးကြီးတဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ ဖက်ဒရယ်ကို အကောင်အထည်ဖော်မှာမို့လို့ပါ။ ဖယ်ဒရယ်ကို အကောင်အထည်ဖော်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ လွယ်ကူစွာ ပြီးမြောက်မယ်လို့ ခံယူပါတယ်”ဟု ဒေါက်တာM ကောန်လက ပြောသည်။
ကချင်ပါတီများပေါင်းစည်းနိုင်ရေးအတွက် ၆ နှစ်ကြာခန့် ဆွေးနွေးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြရာမှ ယခုအဖြေကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်န၀ါရီ ၁၃ ရက်ကမြစ်ကြီးနားမြို့ရှိ YMCA ခန်းမတွင် ပါတီပေါင်းစည်းရေး အထူးအစည်းအဝေးအနေဖြင့် ကချင်ပါတီ ၄ ပါတီ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီး ယင်းအနက်သုံးပါတီက ပေါင်းစည်းရန် MOUလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၅ နှင့် ၁၆ ရက်တို့တွင် မနောကွင်းရှိ မဂျွယ်ခန်းမ၌ ထပ်မံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပါတီအမည်နာမ၊ လိုဂိုနှင့်အလံတို့ကို ရွေးချယ်ကာ သဘောတူညီမှုရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဧပြီလမှ စတင်ကာ ကချင်လေးပါတီ ဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) တို့သည် နိုင်ငံရေးပါတီဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် KPCC အဖွဲ့အစည်းဟူ၍ ဖွဲ့စည်းပြီး နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Salai







