
ဩဂုတ်၊ ၃၁
အာဏာသိမ်းပြီးတဲ့နောက် မနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးတဲ့ ပြည်သူ ၁၄၀ ဦး အထိရှိလာပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၆ ဦး အမျိုးသား ၁၁၄ ဦး ပါဝင်နေတယ်လို့ အဲဒီအချက်အလက်တွေကို ကောက်ယူနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းတာ ၃၁ လ ပြည့်ပြီးချိန် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့သူ ၇၈၁ ယောက်ထိ ရှိလာပြီဖြစ်ပြီး အဖမ်းခံရသူတွေထဲ အမျိုးသမီး ၁၉၈ ဦးနဲ့ အမျိုးသား ၅၈၃ ဦးဖြစ်ပြီး အဲဒီစာရင်းတွေထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ၂၃ ဦး ပါဝင်နေပါတယ်။
အများဆုံးဖမ်းဆီးခံခဲ့ရတာကတော့ မြစ်ကြီးနားမြို့ကဖြစ်ပြီး ၂၈၇ ယောက်ထိရှိနေပါတယ်။ ဒုတိယအများဆုံးကတော့ မိုးညှင်းမြို့ ၁၁၉ ဦးဖြစ်ပြီး ဖားကန့်မြို့ကတော့ ၁၀၄ ဦးနဲ့ တတိယအများဆုံးပါ။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၄ ဦး ပါဝင်နေတယ်လို့ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
အဲဒီစာရင်းတွေဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ထိ လက်လှမ်းမီသမျှ စာရင်းတွေဖြစ်တယ်လို့ AAPP က ဖော်ပြထားပြီး မြေပြင်မှာဖြစ်ပေါ်နေတဲ့ အချက်အလက်တွေဟာ အခုထက် ပိုများနိုင်တယ်လို့ အသိပေးထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့တော့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်တပ်ကြောင့် သေဆုံးတဲ့ပြည်သူ ၄,၀၂၃ ယောက်အထိရှိလာပြီး ဖမ်းဆီးခံခဲ့ရသူ ၂၄,၅၈၆ ယောက်အထိ ရှိနေပါတယ်။






