စက်တင်ဘာ၊ ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊လုံးခင်းကျေးရွာအုပ်စု၊ဆွတ်ကြိုင်လမ်းက လေးအိမ်စုကျေးရွာမှာ မနေ့ညနေ ၇ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားနှစ်ဦး ရန်ဖြစ်စကားများရာကနေ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သေသွားတဲ့လူက အရက်မူးနေတာတဲ့။ အရက်မူးလို့ ဓားနဲ့ထိုးတဲ့သူရဲ့ ကလေးကို ခြေထောက်နဲ့သွားကန်ပြီး ဆော့ပေးတာတဲ့။ အဲဒါကြောင့် စိတ်တိုလို့ စကားများရာကနေ ဓားနဲ့ထိုးသွားတာပေါ့”လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသားရဲ့ ဆွေမျိုးတွေကလည်း ဓားနဲ့ထိုးပြီးထွက်ပြေးသွားတဲ့သူရဲ့ နေအိမ်နဲ့ကားတွေကို ဖျက်ဆီးပေးခဲ့တယ်လို့ လည်း ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၃၀ အရွယ် ဦးရွေမင်းဖြစ်ပြီး လေးအိမ်စု ဒေသခံဖြစ်တယ်လို့ သိရပါတယ်။
ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့တရားခံ ဦးမင်းမင်းဆိုသူကို ဆိုင်းခကျေးရွာမှာ ညတွင်းချင်း ဖမ်းမိခဲ့တယ်လို့ နောက်ထပ်ဖားကန့် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မနေ့ကလည်း မရှီကထောင်ရပ်ကွက် တရုတ်ဘုံကျောင်းရှေ့မှာ အချင်းချင်း ရန်ဖြစ်စကားများရာကနေ အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။