ဆမားလမ်းခွဲဘက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးအနားရှိ ကဇူးယန်ရွာခံများ တိမ်းရှောင်နေရ

286

 

နိုဝင်ဘာ၊ ၁၁

ဝိုင်းမော်-လိုင်ဇာလမ်း ဆမားလမ်းခွဲဘက်ကို စစ်ကောင်စီက ဒီကနေ့ ညနေ ၄ နာရီလောက်မှာ လေယာဉ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ကဇူးယန်ကျေးရွာဒေသခံတွေ နီးစပ်ရာကို ယာယီတိမ်းရှောင် ခိုလှုံနေရတယ်လို့ သိရပါတယ်။

တိမ်းရှောင်သွားကြတဲ့ ဒေသခံတွေကို ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက မနက်ဖြန်ရွာထဲကို ပြန်လာနေထိုင်ကြဖို့ ပြောဆိုနေတယ်လို့ ကဇူးယန်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု စခန်း(စစ်ကောင်စီတပ်)က ရွာသားတွေ ထွက်ပြေးကုန်ကြပြီဆိုလို့ မနက်ဖြန်ပြန်လာဖို့ ပြောနေတယ်တဲ့။ လေယာဉ်နဲ့ ရွာသားတွေနေတဲ့ ရွာဘက်ကို ရမ်းပစ်ထည့်ပေးနေကြတယ်လေ။ ငါတို့နေတဲ့ဘက်ဆို နေလို့မရတော့ဘူး။ အဲဒါကြောင့်ပြေးတာကို စစ်တပ်က ရွာသားတွေပြေးကုန်ကြလို့ စိတ်ဆိုးနေတယ်တဲ့။“လို့ ဒေသခံက ဆိုပါတယ်။

ဒီကနေ့ ညနေပိုင်းက ဆမားလမ်းခွဲဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကဇူးယန်စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီး ပစ်ကူတာတွေရှိသလို လေကြောင်းကပါ ဒေသခံတွေနေထိုင်တဲ့ ဧရိယာဘက်အထိ ပစ်ခတ်လာတဲ့အတွက် ရွာသားတွေအနေနဲ့ တိမ်းရှောင်သွားခဲ့ကြတာဖြစ်တယ်လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

လက်ရှိအချိန် ဂါးရာယန်ကျေးရွာက နှစ်ခြင်းဘုရားကျောင်းဝင်းမှာ အယောက် ၄၀ ဝန်းကျင်နဲ့ ရွာထဲက ဆွေမျိုးတွေဆီမှာ ၁၀ ယောက်ဝန်းကျင်၊ အောင်မြေ (၂) နှစ်ခြင်းဘုရားကျောင်းနဲ့ ဆွေမျိုးတွေဆီ အယောက် ၄၀ ဝန်းကျင်၊ မဒါရွာဘက်မှာတော့ ၁၀ ယောက် ဝန်းကျင်လောက် တိမ်းရှောင်နေကြရတာပါ။

ရှေ့ဆက် ရွာထဲမှာ နေသင့်မနေသင့်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရပ်မိရပ်ဖတွေ၊ အသင်းတော်က ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျေးရွာဒေသခံတွေရဲ့ သဘောထားကို ညှိနှိုင်းတိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျေးရွာကော်မတီထံက သိရှိရပါတယ်။

ကဇူးယန်၊ ဒဘတ်ယန်နဲ့ ဂါးရာယန် ကျေးရွာ ဒေသခံတွေဟာ ဒီနှစ်အစောပိုင်းက မိမိနေရပ်ကို တရားဝင် လာရောက်နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ ကောက်ပဲသီးနှံရိတ်သိမ်းရတဲ့ ကာလဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့လို့ အချိန်အတန်ကြာ ထပ်ပြီးတိမ်းရှောင်ခဲ့ရရင် တစ်နှစ်ပတ်လုံး ရင်းနှီးထားသမျှ ဆုံးရှုံးသွားမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here