၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄၄ ခုကျော်ကို AA သိမ်းပိုက်ထား

301
၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၄၄ ခုကျော်ကို AA သိမ်းပိုက်ထား

 

နိုဝင်ဘာ၊ ၂၂

တစ်ကျော့ပြန်စလာတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စခန်းပေါင်း (၄၄) ခုကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့အသိပေးလိုက်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး AA ဟာ ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းနဲ့ “ချိန်ခါလီ” စခန်း၊ မောင်တောက “ဒုံးညို”နယ်ခြားစောင့်တပ်စခန်း၊ ဘူးသီးတောင်က “ခထီးလှ” စခန်းတွေအပြင် စစ်ကောင်စီက စွန့်လွှတ်ခဲ့တဲ့ စခန်းပေါင်း ၄၀ ကျော်ကိုပါ သိမ်းပိုက်ထားလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစပ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက “တရွန်အိုင်ဗျူဟာ” နဲ့ “နှုံးဘူးဗျူဟာ” တို့ကိုလည်း နိုဝင်ဘာလ ၁၄ ရက်ကနေ ဒီနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အဲဒီ ဗျူဟာစခန်း ၂ ခုကို တိုက်ခိုက်နေတဲ့အချိန် စစ်ကောင်စီ လေကြောင်းကချပေးတဲ့ ထောက်ပို့ပစ္စည်းတချို့ကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြည်နယ်မြို့တော် စစ်တွေနဲ့ အနီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ပေါက်တောမြို့နယ်မှာလည်း ဓားစားခံတွေကို ကယ်ထုတ်ချိန် စစ်ကောင်စီနဲ့ ဒီကနေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ AA က ဆိုပါတယ်။

မနေ့က နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ပေါက်တောမြို့နယ်ထဲမှာ ကျန်တဲ့ပြည်သူတွေကို စစ်တပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာကြောင့် အယောက် ၁၀၀ နီးပါးကို AA က ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့လည်း ဗွီဒီယိုဖိုင်နဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ရာဇဝတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ လက်နက်ချအညံ့မခံတဲ့သူတွေကိုလည်း AA က ဆက်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါသေးတယ်။

အခုအချိန်မှာတော့ AA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းမှာလည်း မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here