နိုဝင်ဘာ၊ ၂၄
ချင်းပြည်နယ်က လိုင်လင်းပီမြို့ကို ဒီနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ချင်းအမျိုးသားတပ်ဦး (CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မြစ်ကြီးနားသတင်းဂျာနယ်ကို ဒီနေ့အတည်ပြုပြောကြားပါတယ်။
အဲဒီမြို့မှာ စစ်ကောင်စီစခန်း ၂ ခုရှိတယ်လို့လည်းသူက ပြောပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းနေတုန်းဖြစ်ပါတယ်။
လိုင်လင်းပီမြို့ဟာ ချင်းပြည်နယ်ထဲ တော်လှန်ရေးအင်အားစုတွေဘက်က ဒုတိယမြောက် သိမ်းနိုင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။
လိုင်လင်းပီမြို့မှာ လူဦးရေ ၃ ထောင်ဝန်းကျင်ရှိပြီး ၂၀၁၆ ခုနှစ် အရပ်သားအစိုးရလက်ထက်မှာ ကျေးရွာအုပ်စုအဆင့်ကနေ မြို့အဆင့်အဖြစ်ဖွဲ့စည်းခဲ့သလို ဆောက်လက်စ လေယာဉ်ကွင်းတစ်ခုလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတုန်းကတော့ ချင်းပြည်နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNA နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် မြို့ကို ဒေသခံတွေကိုယ်တိုင်ပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ဆက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ CNF/ CNA က ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့ပြီးတဲ့နောက် ချင်းပြည်နယ်မှာလည်း စစ်ကောင်စီကို တပြိုင်ထဲ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။