ရှမ်းမြောက်မူဆယ်မြို့တွင် လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေ

224

 

ဒီဇင်ဘာ၊၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လျှပ်စစ်မီးနဲ့ ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ တစ်ပတ်နီးပါးရှိလာပြီလို့ သိရပါတယ်။

လက်ရှိအချိန် မူဆယ်မြို့မှာ မြို့တွင်းအချင်းချင်းဆက်သွယ်ဖို့ကို ခက်ခဲနေတာဖြစ်ပြီး အင်တာနက်လည်း ဝိုင်ဖိုင်လိုင်းသာရတဲ့အပြင် လျှပ်စစ်မီးနဲ့ ရေလည်းပြတ်တောက်နေတယ်လို့ မူဆယ်မြို့နေ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အသွားအလာကတော့ ပုံမှန်ပဲ။ ညဘက် ၆ နာရီ ၇ နာရီဆိုရင်တော့ လူမရှိတော့ဘူး တိတ်ဆိတ်လို့။ ဖုန်းလိုင်းဖြတ်တာနဲ့ မီးဖြတ်တာက ဒီနေ့နဲ့ဆိုရင် ၅ ရက်ရှိပြီ။ ရေတွေ မီးတွေလည်း မလာဘူး။” လို့ဆိုပါတယ်။

မူဆယ်မြို့ပတ်ဝန်းကျင်တစ်ဝိုက် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတာကြောင့် ညနေဘက်ဆိုရင်တော့ မြို့တွင်း လူအသွားအလာနည်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းတွေအတွင်း မူဆယ်ကနေ ရွှေလီမြို့ဘက်ဝင်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ လူတွေလည်းများနေပြီး ညနေပိုင်းထိတောင် တန်းစီနေကြတဲ့အခြေအနေရှိတယ်လို့လည်း ပြောပါတယ်။

“ရွှေလီဝင်တဲ့လူတွေက ဂိတ်ကနေ အောင်ချမ်းသာ ဟိုတယ်ရှေ့ထိဖြစ်သွားပြီ လူက။ တစ်ပတ်လောက်ရှိလာပြီ တအားတန်းစီလာကြတာ။ ညနေထိတောင် တန်းစီတယ်။” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

အရင်က ကျပ်ခြောက်သောင်းဝန်းကျင်သာရှိခဲ့တဲ့ မူဆယ်နဲ့ မန္တလေး ကားခဟာ ဒီရက်ပိုင်းမှာတော့ သုံးသိန်းကျော်လောက် မြင့်တက်သွားသလို မူဆယ် – လွယ်ဂျယ်လမ်းဘက်ကနေ ပြန်တဲ့သူတွေ များနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တချို့အလုပ်ရပ်နားတာတွေရှိလာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

မူဆယ်မြို့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိသလို နေအိမ်ထိခိုက် ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here