ဒီဇင်ဘာ၊ ၅
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ကျေးရွာအနီး၊ မိုးညှင်း-အင်းတော်ကြီးဒေသလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့မနက်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၂ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဘီလူးမြို့ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးလင်းတာနဲ့ မိုးညှင်းက စစ်ကားနှစ်စီးအပြည့်လာတာ။ သူတို့နားကို မကပ်ရဲဘူး။“လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဲဒီတပ်စခန်းဟာ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း) အတွက် သီးသန့်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်အားရုံရဲ့ ဂိတ်စခန်းတစ်ခု (အခုချိန်မှာတော့ စစ်ကောင်စီရဲ့ တပ်စခန်း) ဖြစ်တယ်လို့ဒေသခံတွေဆီက ကြားသိရပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီဘက်သွားတဲ့လမ်းတွေကို ပိတ်ထားဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ကချင်ပြည်နယ်၊ ဘီလူးမြို့အနီးရှိ စကစ စခန်းအား ယနေ့နံနက် KIA သိမ်းပိုက်။ လက်နက်ခဲယမ်းများစွာရရှိ။” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။







