နိုဝင်ဘာ၊၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်က မြို့ပတ်လမ်းမှာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲခန့်က အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသား ၇ ဦးက ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။
ဆိုင်းတောင်ကျေးရွာ/ရပ်ကွက် မြို့ပတ်လမ်းမှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးကို လူပြတ်တဲ့အချိန် ဓားပြတိုက်သွားတာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ လူပြတ်တဲ့အချိန်ပေါ့။ အခုဓားပြတိုက်တဲ့သူတွေက တကယ့်အသေးအတောတွေလေ။ အဖွဲ့အကြီးတွေကမဟုတ်ဘူး။ ရိက္ခာပြတ်ရင် တိုက်စားတဲ့ အဖွဲ့တွေပေါ့”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ဓားပြတိုက်တဲ့ အမည်မသိ အမျိုးသား ၇ ဦးဟာ သေနတ်တိုတွေကိုင်ဆောင်ပြီး ဆိုင်းတောင်ဘက် သွားလိုက်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ဓားပြတိုက်ခံရချိန် ဆိုင်ကယ်(Canda)တစ်စီးနဲ့ ဖုန်းတစ်လုံးပါသွားတယ်လို့လည်း နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာအုပ်စု၊ ဆိုင်းအောင်ကျေးရွာက ပျဉ်ဆိုင်တစ်ဆိုင်မှာ ပျူစောထီးလို့ဆိုကာ အမည်မသိလူငယ် သုံးဦးက ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံတာလည်း ရှိခဲ့ပါတယ်။