အင်လုံခပြည်သူ့စစ်ဂိတ်စခန်းကို KIA က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပြန်လည်ပစ်ခတ်နေ

210

 

မတ်၊၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ အင်လုံခတံတားစောင့် ပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်နဲ့ ပြန်လည်ပစ်ခတ်နေပါတယ်။

KIA ကနေ ဒီကနေ့မနက် ၅ နာရီလောက်မှာ အထက်ပါ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီလောက်မှာတော့ ရဟတ်ယာဉ်တစ်စင်းနဲ့ အောင်မြေ ၁ ကျေးရွာအနီးဝန်းကျင် လေးကြိမ်လောက် ပစ်ခဲ့ပါတယ်။

ဒါ့အပြင် မွန်းလွဲ ၂ နာရီကျော်လောက်မှာလည်း ပြန်လာပစ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ခုလည်း ပစ်နေတယ်။ လက်နက်ကြီးလည်း အရမ်းပစ်နေတယ်အကြိမ်ရေတောင် မရေတွက်နိုင်တော့ဘူး။ ခုပြောနေရင်းတောင် လက်နက်ကြီးသံ ကြားနေရတယ်။ ခုလည်း ပြန်လှည့်လာပြီး ပစ်နေပြီလို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်မှာလည်း ရွှေညောင်ပင်ဒေသခံ အမျိုးသမီးတစ်ဦးကို လက်နက်ကျည်စ ထိမှန်ခဲ့ပြီးထိမှန်တယ်လို့လည်း ကြားသိရပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ရွှေညောင်ပင်ကျေးရွာက နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းတွေမှာလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

အင်လုံခ တစ်ကြော လာပစ်နေတာ။ ရွှေညောင်ပင်ဘက် ပစ်လိုက်၊ အင်လုံခဘက် ပစ်လိုက်နဲ့ ပတ်ပြီး ပစ်နေတာ။ နေအိမ်ထိတာလည်း ရှိတယ်။ လမ်းတွေမှာ ကျတာလည်း ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်လည်က စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို ဒီကနေ့ မနက်ပိုင်းက KIA ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းငယ် အချို့ကို သိမ်းပိုက်ထားနိုင်ပြီလို့လည်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။

အောင်မြေ ၁ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here