လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း(ခ)ဆီဖာလာလူး သေဆုံးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့၊ ဗိုလ်မှူးကြီးနော်ဘူ အတည်မပြုသေး။

343

 

မတ်၊၇

ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ KIA နဲ့ ပြည်သူ့စစ် နှစ်ဖက်တပ် တိုက်ပွဲအတွင်း လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း(ခ)ဆီဖာလာလူး သေဆုံးသွားတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ သေဆုံးနေတဲ့ ဦးရွှေမင်း ရုပ်အလောင်းဆိုပြီး ဓာတ်ပုံ၊ ရုပ်သံတွေနဲ့တကွ ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။

အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံတွေတက်လာတာ တွေ့ရှိနေရပေမဲ့ တရားဝင် အတည်ပြု အကြောင်းကြားလာတာ မရှိသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဓာတ်ပုံတွေတော့ တွေ့ပါတယ်။ Social Media တွေမှာ တင်တာလည်း တွေ့တယ်။ ကျွန်တော်တို့ဘက်ကနေ ပစ်လိုက်တယ်ဆိုပြီး Confirm(အတည်ပြု)တာတော့ မရှိသေးဘူး။လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ အင်လုံခတံတားစောင့် ပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့မနက် ၅ နာရီခွဲလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်ကြောင်းနဲ့ ပြန်လာပစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့မနက် အင်လုံခတံတားဘက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်အင်အားဖြည့်တင်းဖို့ ပြည်သူ့စစ်တပ်သားတွေ စစ်ကူလာတဲ့အချိန် ဝိုင်းမော်အထွက် ခါးရှီရွာအနီးမှာ KIAကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ဦးရွှေမင်းပါ အသက်သေဆုံးသွားတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဦးရွှေမင်းဟာ လီဆူပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလက လီဆူမျိုးစစ်မှုမထမ်းမနေရဆိုပြီး အမိန့်ထုတ်ပြန်ပြီး ဝိုင်းမော်မြို့နယ်မှာ စစ်သားတွေ စုဆောင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဦးရွှေမင်းသေဆုံးနေသည် ဆိုသည့် ဓါတ်ပုံနှင့် Video များကို မြစ်ကြီးနားသတင်းဂျာနယ်၏ အောက်ပါ တယ်လီဂရမ်လင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here