နမ္မတီးရဲစခန်း မိုင်းဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်

622
နမ္မတီးမြို့

ဇူလိုင်၊ ၁၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရဲစခန်း လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခံခဲ့ရပြီး စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

မနေ့က ဇူလိုင်လ ၁၇ ရက်နေ့ည ၉ နာရီခွဲလောက်က နမ္မတီးရဲစခန်းကို ဆိုင်ကယ်နဲ့ မိုင်းတစ်လုံး လာပစ်သွားတာဖြစ်ပြီး ပေါက်ကွဲပြီးတဲ့နောက် လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“မနေ့က ညပိုင်း ၉ နာရီခွဲအချိန်လောက်ပေါ့။ ဒီနမ္မတီးရဲစခန်းကို လက်လုပ်မိုင်းတစ်လုံး ဆိုင်ကယ်နဲ့ပစ်သွားတာ။အဲဒီပေါက်ကွဲမှုအပြီးမှာ သူတို့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ရမ်းပစ်တယ်လို့ကြားတယ်။ “ လို့ ဒေသခံကဆိုပါတယ်

ဒါ့အပြင် နမ္မတီးမြို့စည်ပင်သာယာရေးရုံး ဝန်ထမ်းအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ မပေါက်ကွဲသေးတဲ့မိုင်းတစ်လုံးကိုလည်း ဒီကနေ့မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်းက ထိခိုက်ပျက်စီးမှုတွေကို မသိရှိရသေးသလို အခုလို ရဲစခန်း ဖောက်ခွဲခံရတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကလည်း နမ္မတီးမြို့ ၊ ရွှေဝါရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးရဲ့ နေအိမ်မှာ  မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here