စစ်ရေးတင်းမာနေခြင်းကြောင့် နန်ဇော်ယန်တောင်သူများ စပါးမစိုက်ပျိုးနိုင်တော့မည်ကို စိုးရိမ်နေ

244
နန်ဇော်ယန်

ဇူလိုင်၁၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာဘက်  နှစ်ဖက်တပ်စစ်ရေးတင်းမာနေတာကြောင့် အဲဒီဘက် လယ်လုပ်နေတဲ့ တောင်သူတွေ မိုးရာသီအမီ စပါးမစိုက်ပျိုးနိုင်တော့မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မိုးရာသီကျော်လွန်လာပြီ ဖြစ်တာကြောင့် လယ်စပါးတွေ စိုက်ပျိုးချိန်တန်‌ပေမယ့် အဲဒီနေရာဘက်တစ်ကြောမှာကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် လယ်လုပ်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မိုးရာသီကျော်လာတော့ စပါးစိုက်ဖို့အတွက် ကြိုးစားနေကြရတယ်။ နိုင်ငံရေးက မကောင်းတာကို ဘယ်လို အဖြေရှာကြမလဲ။ တိုက်ပွဲလည်း ဖြစ်နေဆိုတော့။ အခုက အရမ်းခက်နေတယ်။ လယ်က မိုင်စောပါရှိမယ်၊ ခထဲပါ၊ ခဒူပါ၊နောင်းယန်ပါ၊ ကြယ်သာယာပါ အများကြီးပဲ အလယ်ကအကျယ်ကြီး တွေပဲ အဲဒီဘက်က”လို့ သူက ဆိုပါတယ်။

တောင်သူတွေအနေနဲ့ နောက်နှစ်အတွက် ဝမ်းရေးဖူလှုံဖို့၊ လိုအပ်တဲ့ အသုံးစရိတ်တွေ၊ ကလေးတွေရဲ့ ပညာရေးကအစ လယ်လုပ်ငန်းကိုသာ အဓိက မှီခိုအားထားနေရတာကြောင့် အခုနှစ် စပါးမစိုက်ပျိုးနိုင်ကြတော့မှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

နန်ဇော်ယန်ကျေးရွာ ဘက်တစ်ကြောက လယ်တွေဟာ မုတ်ကြိတ်၊ နမ်ဝါ၊ မဒိန်၊ ခကွမ်၊ လမြန်ကျေးရွာ အစရှိတဲ့ဝိုင်းမော်မြို့နယ် ကျေးရွာ အသီးသီးက ဒေသခံတောင်သူ အိမ်ခြေ(၂၀၀)ထက်မနည်း သွားရောက် လုပ်ကိုင်တဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာ လက်ရှိကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိစစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here