တာမခန်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်း တိုက်ပွဲအတွင်း အားလုံးနီးပါးသေဆုံး

204

 

မတ်၊၅

ဖားကန့်မြို့နယ်၊ ဟောင်းပါးကျေးရွာအုပ်စု၊ တာမခန့်ကျေးရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအတွင်း အားလုံးနီးပါးသေဆုံးပြီး ၅ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကနေ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တာမခန်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကူဖို့ ရောက်လာတဲ့ ကသိုင်းတောင်က စစ်ကောင်စီတပ်သား ၈၀ ခန့်ဟာ တာမခန်ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စခန်းချနေထိုင်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အဲဒီလိုမီးရှို့ဖျက်ဆီးနေတာကြောင့် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ မတ်လ ၄ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော် သေဆုံးခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အယောက် ၈၀ လောက် လာတဲ့အထဲက အကုန် ကုန်ပြီ။ ငါးယောက်ပဲကျန်တယ်ဆိုတော့ အယောက် ၆၀၊၇၀လောက် သေတာပေါ့။ အဲဒါက ကသိုင်းတောင်က စစ်ကူလာတဲ့ အဖွဲ့တွေဟုတ်တယ်။လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ပြီးတဲ့အချိန် လက်နက်ခဲယမ်း အမျိုးအစား ၂၀ နီးပါး သိမ်းဆည်းရမိခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ လေကြာင်းအပြင်းအထန်ခုခံနေတဲ့ ကြားကနေ စစ်တပ်ကုန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အလုံးစုံသိမ်းပိုက်ရရှိတာတော့ မရှိသးပါဘူး။

အဲဒီလိုတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်ကောင်စီရဲ့ ကသိုင်းတောင်တပ်စခန်းကနေ စစ်ကူတွေ လွှတ်လိုက်တာဖြစ်ပြီး တာမခန်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here