မြို့တော်စစ်တွေနဲ့ကပ်လျက် ပုဏ္ဏားကျွန်းမြို့ကို AA သိမ်းပိုက်

22

 

မတ်၊ ၅

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီးခုခံနေတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမရ ၅၅၀ ကို အပြီးသတ်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်သွားပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ခမရ ၅၅၀ ကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မြို့ကိုလက်လွှတ်လိုက်ရတဲ့ စစ်တပ်ဟာ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းပိုင်းပေါ်က စေတီပြင်တံတားကို တိုက်လေယာဉ် ၂ စီးနဲ့ မနေ့က ညနေပိုင်းမှာ ၁၂ ကြိမ်တိတိ လာတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို AA ဘက်က မထုတ်ပြန်သေးပါဘူး။

ပုဏ္ဏားကျွန်းမြို့ဟာ ရခိုင်ပြည်နယ်မြို့တော်စစ်တွေနဲ့ မိုင် ၂၀ ကျော်ပဲဝေးပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၀,၀၀၀ နီးပါး နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။

AA ဘက်ကတော့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းတွေ အကုန်လုံးကို တိုက်ထုတ်မယ်လို့ မကြာခဏပြောဆိုမှုတွေ ရှိနေသလို မနေ့က မတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အဲဒီကိစ္စကို ထပ်လောင်းပြောထားပါသေးတယ်။

ဒီနေ့ မတ်လ ၅ ရက်နေ့အထိတော့ AA ဟာ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်အပြင် မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း ၆ မြို့အထိ သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ AA ဟာ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ လက်နက်မချဘဲ ခုခံနေတာကြောင့် အပြီးသတ်သိမ်းဖို့ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရခိုင်ပြည်နယ်အတွင်း အပစ်ရပ်မှာမဟုတ်ဘူးလို့လည်း ပြောဆိုထားပါသေးတယ်။

ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here