နေရပ်ပြန်လို့ရပေမဲ့ နေအိမ်ပျက်စီးသွားတာကြောင့် စီခမ်းကြီးရွာသူ/သားတွေ စစ်ရှောင်စခန်းမှာပဲ ဆက်လက်ခိုလှုံနေရ

151

 

မတ်၊ ၂၀

ဗန်းမော်ခရိုင်၊မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာမှာ တိုက်ပွဲငြိမ်ပြီဖြစ်ပေမဲ့ နေရပ်ပြန်လို့မရသေးတာကြောင့် ရွာသူရွာသား ၆၀၀ လောက်ဟာ ဗန်းမော်မြို့က ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ စစ်ရှောင်စခန်းမှာပဲ ဆက်လက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်က စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးတွေကျဲချခဲ့တဲ့အပြင် လက်နက်ကြီးအမြောက်အများ ပစ်ခတ်တာတွေကြောင့် တစ်ရွာလုံးက နေအိမ်အားလုံးနီးပါး ပျက်စီးသွားပြီလို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွာထဲမှာတော့ ဘယ်သူမှ မရှိပါဘူး။ ရွာတော့ ပြန်လို့ရတယ်။ ဒါပေမဲ့ နေလို့တော့ မရလောက်သေးဘူးလေ။ နေစရာအိမ်မှမရှိတာ။”လို့ အထက်ပါစစ်ရှောင်က ဆိုပါတယ်။

စစ်ရှောင်တွေအနေနဲ့ နေအိမ်ပြန်မဆောက်ခင် အချိန်အထိ စစ်ရှောင်စခန်းမှာ ခိုလှုံနေရဦးမှာဖြစ်ပြီး ငွေရေးကြေးရေး မတတ်နိုင်တာကြောင့် ဆောက်လုပ်ဖို့ မလွယ်ကူသေးဘူးလို့လည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြန်သွားပြီဆိုရင်လည်း နေစရာအိမ်ကလည်း မရှိ၊ စားစရာကလည်းမရှိဆိုတော့ ဘယ်လိုနေလို့ ဘယ်လိုထိုင်ရမှန်းတောင် ကျွန်မတို့မှာ စဉ်းတောင်မစဉ်းစားရသေးဘူး။”လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း မပျက်စီးဘဲ ကျန်နေသေးတဲ့ မုန့်ညှင်းဆံခင်းတွေကို သိမ်းဖို့အတွက် တချို့တစ်ဝက်လောက်က ရွာပြန်သွားကြပြီး အပြီးပြန်တာမျိုးမဟုတ်ဘဲ ရိတ်သိမ်းပြီးစီးရင် စစ်ရှောင်စခန်းဆီ ပြန်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စီခမ်းကြီးကျေးရွာ ဒေသခံတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူးရေးကို အဓိက လုပ်ကိုင်ကြပြီး တိုက်ပွဲတွေကြောင့် သိုလှောင်ထားတဲ့ စပါးတွေပျက်စီးခဲ့ရသလို စီးပွားရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ တိရစ္ဆာန်တွေလည်း သေကြေခဲ့ရတာပါ။

မိုးတွင်းမရောက်ခင် အိမ်တွေပြန်ဆောက်နိုင်ဖို့နဲ့ လယ်တွေပြန်လုပ်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့လည်း စီခမ်းကြီးရွာသားတွေက ပြောပါတယ်။

စီခမ်းကြီးကျေးရွာမှာ နှစ် ၄၀ ကျော်ကြာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ ၃ ရက်အကြာမှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၃ ရက်တာအတွင်းမှာ မြေပြင်ပစ်ခတ်မှုတွေထက် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုခဲ့တာကြောင့် နေအိမ်ပျက်စီးတာတွေ များခဲ့တာဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here