
အောက်တိုဘာ၊ ၁၀
KIO ဗဟိုဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောတဲ့အချိန် ထည့်သွင်းပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က ကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
သံအမတ်ကြီးဟာ မိန့်ခွန်းပြောတဲ့အချိန် အမေရိကန်စံတော်ချိန် ညနေပိုင်းမှာပဲ ကချင်ပြည်နယ်၊ လိုင်ဇာဒေသကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ သေကြေဒဏ်ရာရရှိခဲ့သလို အဆောက်အဉီတွေလည်း ပျက်စီးခဲ့တာကို ကြားသိရတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ထိခိုက်နာကျင်မှုတွေအပေါ် ဖော်ပြဖို့စကားလုံးမရှိသလို ပြောရက်စရာမရှိတဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့် စစ်ကောင်စီအပေါ် အပြည့်အဝလက်နက်ပိတ်ပင်တာနဲ့ လေယာဉ်ဆီတွေ တင်သွင်းမှုရပ်ဆိုင်းဖို့ကို ဆောင်ရွက်ပေးဖို့ အမြန်ဆုံးလိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။
မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ လိုင်ဇာဌာနချုပ်နဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီကတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊အမျိုးသမီးတွေ အပါအဝင် လူအယောက် ၃၀ လောက် သေဆုံးခဲ့ပါတယ်။






