စက်တင်ဘာ၊၂
မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သိုင်းပေါင်းစုံ(Mixed Martial Art- MMA) ကစားသမား ကချင်သားကြီး အောင်လအင်ဆန်ကတော့ တစ်ကျော့ပြန်ချန်ပီယံခရီးအတွက် အရေးကြီးတဲ့ ပွဲစဉ်ကြီးကို ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလ ၆ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၇ ရက်နေ့ မနက် ၇ နာရီဝန်းကျင်) ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာ(Denver) မြို့မှာ One Championship ရဲ့ ONE- 168 ခေါင်းစဉ်နဲ့ကျင်းပမယ့် ပြိုင်ပွဲကြီးရဲ့ Middle Weight တန်း(MMA)ပွဲစဉ်အဖြစ် အောင်လအင်ဆန်နဲ့ တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်(Shamil Erdogan)နဲ့ ပွဲစဉ်နံပါတ် ၉ (၃ မိနစ် ၃ ချီ) ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အောင်လအင်ဆန်အတွက် ဒီပွဲဟာ ချန်ပီယံခါးပတ် ထပ်မံကိုင်မြှောက်နိုင်ဖို့ အရေးအပါဆုံးပွဲဖြစ်ပြီး အနိုင်ရရှိခဲ့ရင်တော့ လက်ရှိ Middle Weight ချန်ပီယံ အနာတိုလီမာလီခင်(Anatoliy Malykhin) ဆီက ခါးပတ်လုခွင့်ရရှိဖို့ နီးစပ်သွားမှာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ ကိုဇော်ဆိုင်းကတော့ “အောင်လအနေနဲ့ ချန်ပီယံခါးပတ် စိန်ခေါ်ဖို့အရေးကြီးတဲ့ ပွဲလို့မြင်တယ်။ တကယ်လို့ သူဒီပွဲကိုမနိုင်ဘူးဆိုရင် နောက်ထပ်ချန်ပီယံဖြစ်ဖို့ ဝေးသွားမယ်။ ပြီးတော့အသက်အရွယ်အရရော ထိုးပွဲတွေရဖို့ အခွင့်အရေးနည်းသွားမယ်။ ဒါပေမဲ့ သူ့ရဲ့မာဂုဏ်နဲ့ ခံနိုင်ရည်အားကိုတော့ ကျနော်တို့ပရိသတ်တွေ သိထားပြီးသားပါ။ သူဒီပွဲကိုနိုင်မယ်လို့ ပြောနိုင်တယ်။ နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။”လို့ ဆိုပါတယ်။
ဒီပွဲဟာသမိုင်းဝင်မယ့် ပွဲတစ်ပွဲဖြစ်ပြီး အောင်လအင်ဆန်အနေနဲ့ One Championship Promotion မှာ ထိုးသတ်နေတာ ၁၀ နှစ်ပြည့်မြောက်တဲ့အချိန် ထိုးသတ်ရမှာလည်းဖြစ်ပြီးတော့ အနိုင်ကစားနိုင်ဖို့အတွက် မာဂုဏ်မြင့်တဲ့ အောင်လအင်ဆန်ဟာ ဒီပြိုင်အတွက် အပြင်းအထန် ကြိုးစားလေ့ကျင့်နေပြီး ချန်ပီယံအိပ်မက်ကို ဆက်မက်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။
“ လွန်ခဲ့တဲ့နှစ်တွေတုန်းက ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေအားလုံးအတွက် မယုံနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်။”လို့ အောင်လအင်ဆန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုအောင်လအင်ဆန်နဲ့ထိုးသတ်မယ့် ရှာမေးလ်အာဒိုဂန်(Shamil Erdogan)ကလည်း ခေသူတစ်ယောက်မဟုတ်ပါဘူး။ ထိုးသတ်ပုံစုံတဲ့ ကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၉ ပွဲစလုံး မရှုံးသေးတဲ့ ဖိုက်တာယောက်ဖြစ်ပါတယ်။
အသက်အရွယ်ကတော့ ၃၄ ဝန်းကျင်ပါ။ အရပ်အမောင်းကတာ့ အောင်လအင်ဆန်ထက် ၁ လက်မ ဝန်းကျင်လောက် ပိုမြင့်ပြီး ၆ ပေနဲ့ ၂ လက်မ(၁၈၉ စင်တီမီတာ) ဖြစ်ပါတယ်။
သူဟာကစားပုံတည်ငြိမ်သပ်ရပ်တဲ့ ဖိုက်တာကောင်းတစ်ဦးဖြစ်ပြီး အောင်လ နှစ်ချီနဲ့ သူတင်ကိုယ်တင် ထိုးသတ်ခဲ့ရတဲ့ ဖန်ရောင် (Fan Rong) ကိုတောင် ပထမအချီမှာပဲ အလဲထိုးနဲ့ သက်သက်သာသာ အနိုင်ယူပြထားသူ တစ်ဦးပါ။
အောင်လအင်ဆန်ကိုလည်း အလွယ်တကူ အနိုင်ယူပြီး ထိုးသတ်ပုံအစုံနဲ့ အမှောက်သိပ်ပြမယ်လို့ ကြွေးကြော်ထားသူလည်း ဖြစ်ပါတယ်။
အောင်လအင်ဆန်ဟာ ပြီးတဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က Middle Weight ၊ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့က Light Heavy Weight စတဲ့ ချန်ပီယံခါးပတ်နှစ်ခုကို ရိုင်နီယာဒီရစ်ဒါ(Reinier De Ridder) ဆီကို လွှဲပြောင်းပေးအပ်ခဲ့ရပြီးနောက် ၅ ပွဲ ပြန်လည်ထိုးသတ်ခဲ့ပြီး ၄ ပွဲတိတိကို ပြတ်ပြတ်သားသား အနိုင်ယူထားပါတယ်။
ရိုင်နီယာဒီရစ်ဒါ(Reiner Dridder) ကို ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ် လက်လွှတ်လိုက်ရတဲ့နောက် ပထမဦးဆုံးကြိမ် ဘရာဇီးဖိုက်တာ လီအန်ဒရို(Leandro Ataides) နဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုးသတ်ခဲ့ပြီး ပထမအချီမှာ အလဲထိုးပြီးတော့ အပြတ်အသတ် အနိုင်ယူခဲ့ပြပါတယ်။
အဲဒီနောက်မှာ Middle Weight တန်း ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်မယ့် ပွဲတစ်ပွဲကို ချန်ပီယံဟောင်း(ပြိုင်ဖက်ဟောင်း) ရှရှားဖိုက်တာ ဗစ်တာလီဗစ်ဒက်ရှ်(Vitaly Bigdash) နဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တတိယအကြိမ် မကျေပွဲ ထိုးသတ်ခဲ့ပါတယ်။
ခေါင်ပွဲမဟုတ်တာကြောင့် ၅ မိနစ် ၃ ချီထိုးရတဲ့ အဲဒီပွဲမှာ အောင်လအင်ဆန်က ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်နဲ့ ဝေးကွာခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အောင်လအင်ဆန်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ဂျပန်ဖိုက်တာ ယူရှင်အိုကာမီ (Yushin Okami)၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ဘရာဇီးဖိုက်တာ ဂျီဘာတိုဂါဘောင်(Gilberto Galvao)၊ ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့မှာ တရုတ်ဖိုက်တာ ဖန်ရောင်(Fan Rong) နဲ့ထိုးသတ်ပြီး ဆက်တိုက်အနိုင်ရရှိခဲ့ပါတယ်။
ဖန်ရောင်(Fan Rong) ကိုအနိုင်ယူပြီးတော့ အခု ရှာမေးလ်အာဒိုဂန်နဲ့ ပွဲတည်ပေးခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေနဲ့ဝေးကွာနေတာ တစ်နှစ်ကျော်ကြာမြင့်လာပြီလည်း ဖြစ်ပါတယ်။
ဒီတစ်နှစ်ကျော်အတွင်းမှာ အောင်လအင်ဆန်ဟာ One Championship နဲ့ စာချုပ်သစ်ကိစ္စတွေ ပြုလုပ်နေတာဖြစ်ပြီး အခုလာမယ့်ပွဲကတော့ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ပထမဦးဆုံး ထိုးသတ်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။
အောင်လအင်ဆန်ဟာ ဝိတ်တန်းကြီး ဖိုက်တာတစ်ဦးဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၄၄ ပွဲ ကစားခဲ့ပြီးတော့ ၃၀ ပွဲနိုင် ၁၃ ပွဲရှုံးနိမ့်ထားသူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဗစ်တာလီဗစ်ဒက်ရှ်(Vitaly Bigdash) ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ပထမဦးဆုံးအကြိမ် One Championship Middle Weight World Champion(MMA) ခါးပတ်ကို ကိုင်မြှောက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဘရာဇီးဖိုက်တာ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) ကို အနိုင်ယူပြီး One Light Heavy Weight World Champion(MMA) ခါးပတ်ကို ရယူနိုင်ခဲ့တာကြောင့် နှစ်ထပ်ကွမ်း ချန်ပီယံခါးပတ် ကိုင်မြှောက်နိုင်သူ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ချန်ပီယံကာကွယ်ပွဲတွေ ထိုးသတ်ရင်း ရိုင်နီယာဒီရစ်ဒါ(Reinier De Ridder) နဲ့အတွေ့မှာ ခါးပတ်နှစ်ခုစလုံး စွန့်လွှတ်ခဲ့ရပြီး ချန်ပီယံဂုဏ်ပုဒ်တွေ လက်လွှတ်ခဲ့ရပါတယ်။
အောင်လအင်ဆန်ဟာ မြန်မာပရိတ်သတ်တွေရဲ့ အချစ်တော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ အောင်လအင်ဆန်ပွဲကြည့်ရင်းနဲ့ လူသေဆုံးတဲ့အထိ ဖြစ်တဲ့ဖြစ်ရပ်တွေ၊ မြစ်ကြီးနားမြို့ ၊မနောင်ကွင်းမှာ ဂုဏ်ပြုရုပ်တု စိုက်ထူထားတာတွေ၊ အောင်လအင်ဆန်ပွဲဆို လူကြီး/လူငယ်၊ ကျေးလက်ဒေသပါမကျန် တနိုင်ငံလုံး ကွင်းတွင်း/ကွင်းပြင် အားပေးတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။
အောင်လအင်ဆန်ဟာ ဂျီဘာတိုဂါဘောင်(Gilberto Galvao)အပြင် ဖန်ရောင်(Fan Rong) နဲ့ထိုးသတ်ပြီးတဲ့ အချိန်မှာတွေမှာ ကွင်းအတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ပြောဆိုသွားတာတွေလည်း ရှိပါတယ်။
“ အရင်နှစ်နှစ်က ကျနော်တို့အတွက် အရမ်းခက်ခဲတယ်။ ကျနော်လည်း စိတ်အရမ်းကျတယ်။ ပြောချင်တာက အားလုံးစိတ်ကို တင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျနော်တို့အတွက် အရေးကြီးဆုံးပဲ။” လို့အောင်လအင်ဆန်က ဂျီဘာတိုဂါဘောင်(Gilberto Galvao)ကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုဆိုရင် ချန်ပီယံခရီးအတွက် ထိုးသတ်ဖို့ အချိန်တစ်ပတ်တောင် မလိုတော့ပါဘူး။ မာလီခင်ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့ အာဒိုဂန်ကပဲ အနိုင်ရသွားမလား၊ အောင်လအင်ဆန်ကပဲ အမေရိကားမြေပေါ်မှာ ဒုတိယအကြိမ် အောင်ပွဲခံသွားနိုင်မလားဆိုတာ ကြိုးဝိုင်းပေါ်မှာ စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။