ဇန်နဝါရီ၊ ၂၇
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ဒီကနေ့မှာလည်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်တင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ဗန်းမော်ဘက်မှာတော့ တိုက်ပွဲက ဆက်လက်တင်းမာနေဆဲ အနေအထားဖြစ်ပါတယ်။“ လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။
စစ်ကောင်စီရဲ့ အမြောက်တပ် ၃၆၆ နဲ့ စကခ၂၁ တပ် ရှိတဲ့ဘက်တွေမှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အခုချိန်ထိတော့ မြို့တစ်ခုလုံး အလုံးစုံ သိမ်းပိုက်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဗန်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ တပ်ရင်းတစ်ခုနဲ့ သံချပ်ကာကားတွေကို တိုက်ခိုက်သိမ်းဆည်း ရရှိခဲ့ပြီးနောက် မနေ့က ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ ဗန်းမော်လေယာဉ်ကွင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့လည်း ရေးသားဖော်ပြနေကြပြီး KIA ပူးပေါင်းတပ်သားတွေ လေယာဉ်ပြေးလမ်းအပေါ်မှာ နေရာယူနေတဲ့ ရုပ်သံဖိုင်တွေလည်း တွေ့ရပါတယ်။
လတ်တလောမှာတော့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် လေယာဉ်ကွင်းလည်း ထိခိုက်ပျက်စီးတာတွေရှိပြီး လေယာဉ်ဆင်းသက်လို့ မရဘဲ ဗန်းမော်လေဆိပ်ကို လေယာဉ်မဆင်းသက်တာလည်း ကြာမြင့်နေပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ပြီး ခုခံတိုက်ခိုက်နေဆဲ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ တိုက်ခိုက်နေခဲ့တာ အခုဆိုတစ်လခွဲလောက် ရှိနေပြီဖြစ်ပြီး မြို့နေရာအများစုကို KIA ပူးပေါင်းတပ်တွေကနေ ထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။
KIA ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့အနီး မံစီမြို့ကိုတော့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ဒီနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း)တို့ကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ဗန်းမော်တိုက်ပွဲမှာ အထိနာတာကြောင့် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ဘက် လေကြောင်းအပြင် ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အဆောက်အဦ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
ပုံစာ- ဗန်းမော်လေဆိပ်အား KIA၊PDF ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ထားစဉ်။