ဇူလိုင်၊၃၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလရ ၄၃၇ တပ်စခန်းဘက်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ကနေစပြီး စစ်ကောင်စီရဲ့ ခလရ ၄၃၇ တပ်စခန်းရှိတဲ့ဘက်မှာ တိုက်ပွဲပြန်လည် ပြင်းထန်လာတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီဘက်ကနေ မြေပြင်စစ်ကြောင်းနဲ့သာမက လေကြောင်းနဲ့ပါ ပစ်ကူတာတွေ ရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မိုးမောက် ၄၃၇ဘက် တိုက်ပွဲကတော့ ဖြစ်နေဆဲပဲ။ မြေပြင်နဲ့ရော တိုက်တယ်၊ စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါပစ်တယ်။ လက်နက်ကြီးတွေနဲ့ရော ပစ်တယ်။ ဗန်းမော်ဘက်ကရော စစ်ကူတွေ စစ်ကြောင်းထိုးတာတွေရှိပြီး တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပါတယ်“လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းကလည်း ဗန်းမော်ဘက်ကနေ မိုးမောက်မြို့ဘက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုးမောက်မြို့နယ်၊ ၆ မိုင်နဲ့ ၇မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရတာပါ။
မိုးမောက်မြို့နဲ့ မံစီမြို့ဘက်မှာ လွန်ခဲ့တဲ့မတ်လလောက်ကစပြီး တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်သွားကြရာကနေ လက်ရှိအချိန်အထိ နေရပ်ပြန်လာသူတွေ မရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် လက်ရှိအချိန် ကချင်ပြည်နယ်ရဲ့ နေရာအများစုမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် စစ်ရေးသတင်းတွေ နားစွင့်ဖို့ ခက်ခဲတဲ့အတွက် အပြင်ထွက်သွားလာတာတွေ သတိထားဖို့ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းက စစ်ကောင်စီစခန်းတွေကို မတ်လ ၂၇ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး စိန်လုံနဲ့ ယောယုံ ဗျူဟာကုန်းတပ်စခန်းကြီးတွေ အပါအဝင် စစ်ကောင်စီရဲ့ စခန်း ၁၃ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လွယ်ဂျယ်မြို့ကိုလည်း မတ်လ ၂၈ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာတော့ မိုးမောက်မြို့နယ်အတွင်းက တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အုပ်ချုပ်ရေးယန္တရားစနစ်နဲ့အညီ အုပ်ချုပ်ရေးဆိုင်ရာ ဌာန၊ ရဲဌာနတွေ ချမှတ်ပြီး စတင်အုပ်ချုပ်နေပြီလည်း ဖြစ်ပါတယ်။