ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးတင်းမာနေဆဲ

108

 

ဇန်နဝါရီ၊၂၂

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တစ်လခွဲလောက်ကြာတဲ့အထိ စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်နဲ့ မံစီမြို့ အနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာလည်း ဖြစ်ပါတယ်။

မံစီမြို့ကိုတော့ KIA အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း)တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကြီးကြီးမားမား စခန်းသိမ်းတိုက်ပွဲတွေ မရှိပေမဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေလိုမျိုးတော့ နေ့တိုင်းရှိနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲအစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ဗန်းမော်ဘက်က ကြီးကြီးမားမား စခန်းသိမ်းတိုက်ပွဲတွေတော့ မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာမျိုးဆိုရင် ပစ်တယ်။ ကျွန်တော်တို့ဘက်က သူတို့ စခန်းဘက် နီးကပ်လာရင်လည်းပစ်တယ်။ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေလိုမျိုးတော့ နေ့တိုင်းရှိတယ်။ လက်နက်ကြီးနဲ့ လုံခြုံရေး ပစ်တဲ့အတွက် အချိန်ပြည့်လိုမျိုးတော့ တိုက်ပွဲဖြစ်တာပေါ့လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ ဇန်နဝါရီလ ၂၁ရက်ကလည်း ဗန်းမော် စခက-၂၁ တပ်အတွင်း ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့ပြီး တပ်တွင်းက ဒဏ်ရာရရှိသူတွေကို လာရောက်သယ်ဆောင်တာဖြစ်နိုင်သလို စားနပ်ရိက္ခာ လာချပေးတာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ် ဆင်းသက်ဖို့အတွက် စကခ ၂၁ တပ် အနီးတစ်ဝိုက် KIA တပ်သားတွေ ရှိမယ်ဆိုပြီး မသင်္ကာတဲ့ နေရာတွေ အားလုံးမှာ လေယာဉ်နဲ့အရင် နယ်မြေရှင်းလင်းရေးအနေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံပြည်သူအချို့လည်း ထိခိုက်တယ်လို့ ကြားရတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မကြာသေးခင်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မံစီမြို့ဘက်မှာတော့ တိုက်ပွဲတွေ မရှိတော့ပေမဲ့ KIO အနေနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာတွေချမှတ်ပြီး အလုပ်လုပ်ဆောင်တာတွေမျိုးတော့ မရှိသေးဘူးလို့လည်း ထပ်မံ သိရှိရပါတယ်။

အထက်ပါ မြို့နှစ်မြို့ဟာ ပြည်မဖက်က မြို့တွေလို မြို့စောင့်တပ်ရင်း လောက်တင် ရှိနေတာမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ တော်လှန်ရေးကို ကြံ့ကြံ့ခံနိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်စခန်းကြီးတွေ ဝန်းရံထားတဲ့ စစ်ဒေသဖြစ်တဲ့အပြင် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ရှိပေမဲ့ လက်ရှိ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီး လေကြောင်းထောက်ပို့ကိုသာ အားကိုးနေရတဲ့ သဘောရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြည်သူထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ဗန်းမော်မြို့ဘက်မှာ စစ်ကောင်စီတပ်စခန်းများတဲ့အပြင် စစ်အင်အားလည်း များတဲ့အတွက် အချိန်ယူတိုက်ခိုက်နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ဖြေကြားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here