ပူတာအိုမှာ ခိုးဝင်ဖောက်ထွင်းမှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာ

1

 

ဇူလိုင်။၉

ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်တွေထဲ ခိုးဝင်ဖောက်ထွင်းခံရတာတွေ ခပ်စိပ်စိပ် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ပတ်လောက်အတွင်းမှာကို မြို့အတွင်း ဖောက်ထွင်းမှုတွေ သုံးလေးကြိမ်လောက်ဖြစ်နေပြီး များသောအားဖြင့် လူသူမရှိတဲ့ အချိန်တွေမှာ ဖောက်ထွင်းကြပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူသွားကြတာလို့ ပူတာအိုဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုတလောတော့ တစ်ပတ်မှာ သုံးလေးကြိမ်လောက်တော့ ကြားနေရတယ်။ လူမရှိတဲ့အချိန် အဓိကတော့ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားတဲ့အချိန်တွေပေါ့နော်။ အဲဒီလိုချိန်တွေမှာ ဝင်တာ တော်တော်လေး တွေ့ရတယ်။“လို့ ဒေသခံက လက်ရှိအခြေအနေကို ပြောပါတယ်။

အိမ်ဖောက်ထွင်းခံရမှုတွေဟာ ဒီတလောမှာမှ ခပ်စိပ်စိပ် ဖြစ်ပွားလာတာဖြစ်ပြီး မြို့တွင်းရပ်ကွက် တွေသာမက ကျေးရွာတွေဘက်မှာလည်း ဖောက်ထွင်းခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

ရပ်ကွက်တိုင်းနီးပါးဆိုသလို အိမ်ဖောက်ခိုးယူခံရတာတွေ ရှိနေတာဖြစ်ပြီး လူမနေတဲ့အိမ်တွေနဲ့ ဘုရားကျောင်းသွားတဲ့ အချိန်တွေမှာ အဖြစ်များနေတာလို့ နောက်ထပ် ပူတာအိုဒေသခံ တစ်ဦးကလည်း အခုလိုပြောပါတယ်။

ဘယ်ရပ်ကွက်လို့လဲပြောလို့မရပါဘူး၊ အကုန်လုံးပဲ။ တန်ဖိုးရှိတဲ့ပစ္စည်းဆို အကုန်ယူကြတာပဲ။ အဓိကတော့ အိမ်ရှင်မရှိတဲ့အိမ်တွေ၊ အိမ်ရှင်အပြင်ထွက်တဲ့အချိန် ဘုရားကျောင်းသွားတဲ့ အချိန်လေးတွေမှာ အိမ်ဖောက်ခိုးတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။”လို့လည်း ဒေသခံက ရှင်းပြပါတယ်။

တချို့ လူမရှိတဲ့အိမ်တွေဆိုရင် ပထမတစ်ကြိမ် ဖောက်ထွင်းခံရပြီးနောက် ဒုတိယ၊ တတိယကြိမ်လောက် ထိပါ ဖောက်ထွင်းခံရတာမျိုးရှိနေတာလို့လည်း သိရပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာလည်း လူမရှိချိန်တွေသာမက လူရှိနေတဲ့ချိန်တွေမှာပါ တုတ်ဓားကိုင်ဆောင်ပြီး နေအိမ်တွေထဲထိ ဝင်ခိုးတာ၊ လမ်းမှာဓားပြတိုက် ပစ္စည်း၊ဆိုင်ကယ်လုယက်ခံရတာတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။

လုံခြုံရေးစိုးရိမ်မှုတွေနဲ့ နေထိုင်သွားလာလှုပ်ရှားနေရတဲ့ ဒေသခံတွေကတော့ အာဏာပိုင်တွေကို ခိုးဆိုးလုယက်မှုတွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုလားနေကြပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here