ဒီဇင်ဘာ၊၄
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမြို့အနီးတစ်ဝိုက်မှာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ကနေစပြီး နေရာအနှံ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဗန်းမော်-မိုးမောက်ကြားသာမက မံစီနဲ့ ဗန်းမော်မြို့ အနီးတစ်ဝိုက်က စစ်ကောင်စီတပ်စခန်းတွေဘက် တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
” ဒီမနက်ကနေ စပြီး တိုက်ပွဲ ပြန်တင်းမာလာတယ်။ နေရာအနှံ့ ဖြစ်နေတယ်။ မံစီဘက်ရော၊ ဗန်းမော် အနီးတစ်ဝိုက်ဘက် စစ်ကောင်စီတပ်စခန်းတွေဘက် တိုက်ပွဲဖြစ်နေတယ်“လို့ ပြောပါတယ်။
ဒီကနေ့မနက် အစောပိုင်းမှာပဲ စစ်ကောင်စီရဲ့ ဗန်းမော်၊ ဖန်ခါးကုန်း ၄၇ တပ်နဲ့ ညောင်ပင်သာ တပ်စခန်းတွေကို KIA ကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားမျှဝေထားတာတွေ တွေ့ရှိနေရပါတယ်။
အထက်ပါ စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIO/KIAသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့ အတည်ပြုပြောကြားလာခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဗန်းမော်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း လက်ရှိ ဗန်းမော်မြို့အနီးတစ်ဝိုက်သာမက မံစီမြို့ဘက်မှာလည်း နှစ်ဖက်တပ် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ကို လုံခြုံရေးယူပေးနေတဲ့ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ ၄၃၇ ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း သုံးလကျော်ကြာတဲ့အထိ ဗန်းမော်နဲ့ မိုးမောက်ကြားမှာ နှစ်ဖက်တပ် စစ်ရေးတင်းမာနေသေးတဲ့ အခြေအနေဖြစ်တယ်လို့ သိရှိရပါတယ်။
ဦးဇခုန်တိန်းယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို KIA ကနေ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီလို ကချင်အထူးဒေသ(၁)နဲ့ ကန်ပိုက်တီမြို့တို့ကို သိမ်းပိုက်အပြီး ဗန်းမော်မြို့နဲ့ အနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေဘက် ဒီကနေ့မနက်ကနေ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ဟာ အပစ်ရပ်ပြီး စစ်ကောင်စီတပ်နဲ့ တွေ့ဆုံညှိနှိုင်းမယ်လို့ အသီးသီးထုတ်ပြန်ထားကြပေမဲ့ KIA အနေနဲ့ လက်ရှိအခြေအနေအထိ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတာကို တွေ့ရှိရပါတယ်။
ဓါတ်ပုံ- ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် KIA တပ်သားများ။(ပုံဟောင်း)