မြစ်ကြီးနား၊ မေ၁၁
Covid-19 အသိပညာပေး ပန်းချီရေးဆွဲခဲ့သည့် ပန်းချီဆရာ ဇေယျာနှောင်းနှင့် အပေါင်းအပါသုံးဦး၏ အမှုနှင့် ပတ်သက်ပြီး တရားလိုက်ကို မေလ(၁၁)ရက်နေ့တွင် စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး တရားလိုနှင့် တရားလိုပြသက်သေ(၅)ဦးတို့ကို မေလ(၁၁)ရက်နေ့မှ စတင်ကာ အမှုကို အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း လူငယ်သုံးဦးဖက်မှ အမှုကို လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေဒေါ်ဒွဲဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အမှုကို ရုတ်သိမ်းဖို့ မရှိဘူး ပြောတယ်။ တစ်ချိန်းကို(၂)ဦးနဲ့ စစ်သွားမယ်။ မေလ(၁၁)ရက်နေ့၊ (၁၈)ရက်နေ့ တစ်ချိန်၊ (၂၅)ဆို တရားလိုဘက် ပြီးသွားမယ်။ အဲ့ဒီနောက်ပိုင်းတော့ စွဲချက်တင်တယ် ဆိုလို့ရှိရင် တရားခံဘက် ပြန်စစ်သွားမှာပေါ့”ဟု ဒေါ်ဒွဲဘူက ပြောသည်။
မေလ ၅ ရက်နေ့က တရားလိုဘက်နှင့် တရားခံဘက်မှ ရှေ့နေများ အားလုံး တွေ့ဆုံကာ အမှုကို အချိန်တိုနှင့် ပြီးမြောက်အောင် စစ်ဆေးမှုပြုလုပ်သွားရန် ဆွေးနွေးသွားခဲ့ကြကြောင်းလည်း သိရသည်။
ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network)က တရားစွဲဆိုခံရသည့် လူငယ်သုံးဦး အမှုကို ပ’လပ်ပေးရန် အချက်(၆)ချက်ပါ သဘောထားထုတ်ပြန်ချက်ကို မေလ(၃)ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်ထဲ၌ အမှုနှင့် ပတ်သက်ပြီး လုံးဝရှုတ်ချကြောင်းနှင့် သင့်လျော်မှုမရှိသည့်အပြင် ဥပဒေနှင့် မကိုက်ညီပါဘဲလျက် လက်ခံအရေးယူသော တရားရုံးကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပါရှိသည်။
သဘောထား ထုတ်ပြန်ချက်အပေါ် တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက“အဖွဲ့အစည်း အသီးသီးက သူတို့အမြင်နဲ့ ထုတ်ပြန်ချက်တွေ ရှိပါတယ်။ တရားရုံးမှာ မစစ်ဆေးသင့်ဘူးတို့ ။ ဥပဒေအပေါ် သူတို့ရဲ့အမြင်ကို ထုတ်ဖော်ထားတယ်။ ဒါကို ကျွန်မတို့ ကြိုဆိုပါတယ်”ဟု သုံးသပ်သည်။
လူငယ်တွေ အနေဖြင့် လွတ်လပ်စွာလုပ်သည့် ကိစ္စရပ်မှာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် အမှန်တရားကို တိတိကျကျ သက်သေအထောက်အထားဖြင့် ဖော်ထုတ်သွားမည် ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူက ဆိုသည်။
ပန်းချီဆရာ ကိုဇေယျာနှောင်းက Covid-19 အသိပညာပေးရေးဆွဲခဲ့သည့် ပန်းချီနှင့် ပတ်သက်ပြီး လူမှုစာမျက်နှာကွန်ရက်ပေါ်တွင် ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းအောင် ပြုလုပ်သည့် အသွင်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်မှုများ ပေါ်ထွက်လာပြီးနောက် ကိုဇေယျာနှောင်းအပါအဝင် သုံးဦးကို ပြည်နယ်သာသနာရေး ဦးစီးဌာနက မြို့နယ်တရားရုံး၌ သာသနာညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅(က)နှင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါ ပုဒ်မ-၂၉၅(က)သည် ပြစ်မှုထင်ရှားမည် ဆိုပါက ထောင်ဒဏ်(၂)နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သောပုဒ်မ ဖြစ်သည်။
Benadeth