ကာမိုင်းမြို့၊ ထွယ်ဆန်ယန်ရပ်ကွက်က စစ်ရှောင်များ ရွှေ့ပြောင်းပေးမည့် မြေ (၁၉) ဧကအား ရှင်းလင်းရန်နှင့် အခြားလိုအပ်မှုများအတွက် အလှူငွေလိုအပ်နေ

122
မေ၊၈
ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ထွယ်ဆန်ယန်ရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်(KBC)အသင်းတော် ဘုရားကျောင်းဝင်းမှာနေထိုင်ကြတဲ့ စစ်ရှောင်တွေကို ရွှေ့ပြောင်းပေးမယ့်နေရာက မြေ (၁၉) ဧကကို ရှင်းလင်းဖို့နဲ့ တခြားလိုအပ်တာတွေလုပ်ဖို့အတွက် အလှူငွေတွေလိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီမြေပေါ်မှာ သစ်ငုပ်တွေတူးဖော်ဖို့၊ လမ်းဖောက်လုပ်ဖို့၊ ရေတွင်းတူးဖို့နဲ့ တံတားနှစ်စင်းလုပ်ဖို့၊ အိမ်ဆောက်လုပ်ဖို့ စတာတွေအတွက် ကုန်ကျငွေတွေလုပ်အပ်နေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီလုပ်ငန်းက ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူး။ လုပ်ရမယ့်အဓိက လိုအပ်ချက်တွေက လမ်းတွေ၊ တံတားတွေဟုတ်တယ်။ ပိုက်ဆံပေါ်မူတည်ပြီးလုပ်ရမယ်။ အခုက ဆီဈေးလည်း အရမ်းတက်နေတာဆိုတော့ ဆီဈေးကိုကြည့်ပြီး အကွက်တွေဖော်ယူဖို့ အများကြီးရှိတယ်။”လို့ဆိုပါတယ်။

အခုချိန်ထိ ကူညီပေးမယ့်အလှူရှင်တွေ မရှိသေးတဲ့အတွက် သစ်ပင်ခုတ်တာတွေနဲ့ ခြံရှင်းတဲ့ လုပ်ငန်းတွေကိုပဲ လုပ်နိုင်သေးကြောင်းနဲ့ ပိုက်ဆံမရှိတဲ့အတွက် သစ်ငုပ်တူးဖို့အထိ မတတ်နိုင်သေးဘူးလို့ ဆက်လက်ပြောပါတယ်။

သစ်ငုတ်ရှင်းဖို့ ဓာတ်ဆီ ၂၀ ပေပါ ဝန်းကျင်လောက်လိုအပ်ပြီး အရှည်ပေ ၂၀ လောက်ရှိတဲ့ တံတားနှစ်စင်းဆောက်ဖို့နဲ့ ရေတွင်းတူးဖို့ ကုန်ကျငွေတွေ လိုအပ်နေတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ရှောင်ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

ဒီလုပ်ငန်းတွေပြီးစီးရင် နေအိမ် ၂၆ လုံး ဆောက်လုပ်ဖို့ ကုန်ကျငွေပြန်လိုအပ်ဦးမှာ ဖြစ်တယ်လို့လည်း ကောင်ရာ KBC အသင်းတော်မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၅ နှစ်က တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်၊ လိုင်နောင်းခူး(မန်ဝိုင်)ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံ ၁၂၇ ဦးဖြစ်ပြီး အခုထိ လက်နက်ကိုင်တွေ ရွာအတွင်း စစ်ရေးလုပ်ရှားမှုတွေ ရှိနေသေးတောကြောင့် ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက် (၃) မှာ ရွှေ့ပြောင်းနေထိုင်နိုင်အောင် စီစဉ်ဆောင်ရွက် နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အိမ်ထောင်စု ၂၆ စုနဲ့ လူဦးရေး ၁၂၇ ဦးရှိပြီး ကျောင်းတက်မယ့်ကလေး အယောက် ၄၀ ဦး ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here