တရားမဝင်ရွှေတူးဖော်မှုများအား ဖမ်းဆီးအရေးယူနေသော်လည်း ရပ်တန့်သွားခြင်းမရှိဟု ကချင်ပြည်နယ် ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြော

23
မေ၊၉

တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်အတွင်းက နေရာဒေသတွေမှာ ဖမ်းဆီးအရေးယူ ရှင်းလင်းတာမျိုး တောက်လျှောက် လုပ်ဆောင်နေပေမဲ့ တူးဖော်မှုတွေကတော့ ရပ်တန့်မသွားဘူးလို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ပြောပါတယ်။

ပြည်နယ်အခြေအနေအရ ရှင်းလင်းရေးမလုပ်နိုင်တဲ့ ဒေသတွေရှိတဲ့အပြင် သွားရောက်နိုင်တဲ့ ဒေသတွေမှာလည်း ရှင်းလင်းဖမ်းဆီးမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ပြန်လည်ဝင်ရောက်တူးဖော်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့က တောက်လျှောက်တော့ ဖယ်ရှားရှင်းလင်းပြီးတော့ အရေးယူနေတာပေါ့နော်။ ဒါပေမဲ့ အဲဒီမှာ တောက်လျှောက် အတည်တကျနဲ့ ပြန်ပြီးတော့ စောင့်ရှောက်မထားနိုင်တော့ တစ်ခါသွားဖမ်းတယ်၊ ဖယ်ရှားရှင်းလင်းတယ်။ ဆယ်ရက်နှစ်ပတ်လောက်ဆိုရင် ပြန်လုပ်တယ်။ အဲဒီလိုနဲ့ သံသရာလည်နေတာ။” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

တာဝန်ယူစဉ်ကာလအတွင်း ပြည်နယ်ကောင်စီဘက်က ရွှေလုပ်ကွက်ချထားပေးတာလည်း မရှိသလို အဲဒီတရားမဝင် ရွှေတူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို များစွာပျက်စီးစေတာကြောင့် သက်ဆိုင်ရာကလည်း တားဆီးရှင်းလင်းတာတွေကို တောက်လျှောက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆက်လက်ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်က တော်တော့်ကို ပျက်စီးတော့ ကျွန်တော်တို့လည်း အဲဒါမျိုးကို လုံးဝမဖြစ်စေချင်လို့ တောက်လျှောက်တော့ လိုက်ပြီးတော့ တားဆီးနေတယ်။ ဖယ်ရှားရှင်းလင်းနေတယ် ဖမ်းဆီးနေတာပေါ့နော်။” လို့ ဆိုပါတယ်။

ဗန်းမော်၊ ရွှေကူနဲ့ အင်းတော်ကြီးစတဲ့ မြို့နယ်တွေနဲ့ တာလောကြီး၊ အူဗျစ် အာလမ် စတဲ့ ကျေးရွာတွေဘက်က ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတဲ့ လုပ်ကွက်နေရာတွေကို သွားရောက် ဖယ်ရှားလုပ်ဆောင်တာတွေရှိပြီး လွန်ခဲ့တဲ့ လေးလလောက်တုန်းကလည်း အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်နေတဲ့ ဘက်ဟိုး အစီး ၄၀ နီးပါးကို ဖမ်းဆီးတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ အင်းတော်ကြီးဒေသက ကျေးရွာတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး နေ့ညမပြတ်တူးဖော်မှုတွေ ဆိုးရွားလာသလို ပြည်နယ်တွင်းက ရွှေတူးဖော်မှုများတဲ့ ဒေသတွေမှာ ချောင်းရေတွေပျက်စီးတာနဲ့ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေလည်း များပြားလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here