ဖားကန့်ဒေသတွင် လမ်းမပေါ် ပစ်သတ်ခံထားရသည့် အမည်မသိလူသတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေ

174
မေ၊၉

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဧပြီလ နောက်ဆုံးအပတ်လောက်ကနေ လမ်းပေါ် မှာ ပစ်သတ်ခံရတဲ့ လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

လမ်းပေါ်ပစ်သတ်ခံရတဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကို ခံရပြီး စစ်ကောင်စီတပ်သားတွေ ကိုယ်တိုင်ပစ်သတ်ပြီးတော့ လမ်းပေါ်မှာ လာရောက်ပစ်ထားခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မရှီကထောင်ရပ်ကွက်မှာ ဒီကနေ့မနက် ၆ နာရီခန့်က ပစ်သတ်ခံထားရတဲ့ အမည်မသိအမျိုးသား တစ်ဦးအလောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မရှီကထောင်ရပ်ကွက် ရတနာဆင်သီရီကုမ္ပဏီအနီးမှာ အမည်မသိအမျိုးသားအလောင်းကို တွေ့ခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ကြည့်ရတာတော့ စစ်တပ်က လာပစ်သတ်ထားတာပဲ ဟုတ်မယ်။ အခုအချိန်က အဲဒီလိုလုပ်တာ ဘယ်သူမှမရှိဘူးလေ”လို့ ဆိုပါတယ်။

လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာရပ်ကွက် မြန်မာ့ဟန် ဆီဆိုင်အနီးမှာရှိတဲ့ တံတားပေါ်မှာလည်း မေလ ၆ ရက်နေ့က အမည်မသိအမျိုးသားနှစ်ဦး ပစ်သတ်ခံထားရပါတယ်။

သူတို့နှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပြီး စုံစမ်းစစ်ဆေးပြီး လာရောက် ပစ်သတ်ထားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ မနက်က သေနတ်ပစ်သံကြားရပြီး တံတားပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ် အလောင်းကို တွေ့ခဲ့ရတာဖြစ်တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

ဒါ့အပြင် မေလ ၅ ရက်နေ့ကလည်း အေးမြသာယာ ရပ်ကွက်မှာ အသက် ၂၀ ကျော်အရွယ် အမည်မသိအမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။

မရှီကထောင်ရပ်ကွက် ကြိုးတံတားထိပ်မှာ မေလ ၁ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက်နေ ကိုအောင်ကျော်ဦးဆိုသူလည်း ပစ်သတ်ခံခဲ့ရပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကလည်း မရှီကထောင်ရပ်ကွက်က Happy KTV အရှေ့မှာ PDF နှစ်ဦးကို စစ်ကောင်စီတပ်က လာရောက် ပစ်သတ်သွားခဲ့ပါတယ်။

အဲဒီလို အကြောင်းမဲ့လူသတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ဧပြီလ ၂၃ ရက်နေ့ညက Happy KTV မှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးအပါအဝင် ၅ ဦးကို အမည်မသိလူတစ်စုကနေ လာရောက်ပစ်သတ်သွားပြီးနောက်ပိုင်းကနေ ဖြစ်ပါတယ်။

အခုလို လမ်းမတွေပေါ်မှာ ပစ်သတ်တဲ့ ဖြစ်စဉ်တွေဟာ စစ်ကောင်စီက သူတို့ဖမ်းဆီးထားသူတွေကို ပစ်သတ်ပြီး ပြည်သူလူထုကြောက်လန့်အောင် ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here