ပန်ဝါမြို့အနီး တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံအများစု တရုတ်နယ်စပ်ခြံစည်းရိုးအနီး တိမ်းရှောင်နေရ

120

 

အောက်တိုဘာ၊၁၈

ကချင်အထူးဒေသ(၁) ပန်ဝါမြို့အနီးအနားမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူအများစုနဲ့ စစ်ရှောင်ပြည်သူတွေဟာ တရုတ်ပြည်နယ်စပ် ခြံစည်းရိုးအနီးမှာ စုံရုံးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊နယ်ခြားစောင့်တပ်(BGF)တပ်တွေရဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာတာကြောင့် တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

တရုတ်ပြည်ဘက်ကို တိမ်းရှောင်ကြဖို့ နယ်စပ်ခြံစည်းရိုးတစ်လျှောက် တဲဆောက်ပြီး နေနေတယ်လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။

အသံကကြားနေရတယ်။ အခုက ပန်ဝါနဲ့အရမ်းနီးနေပြီ။ သူများတွေဆို နယ်စပ်မှာတဲထိုးပြီး သွားနေနေကြပြီ။ ကျွန်တော်တို့လည်း သွားဖို့ပြင်နေတယ်။ “လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့လည်း တိုက်ခိုက်မှုတွေ ရှိတဲ့အတွက် မနေ့ညနေကတည်းက ပြည်သူအများပိုင်း နယ်စပ်ခြံစည်းရိုးတစ်လျှောက် သွားရောက်ပုန်းရှောင်နေပြီဖြစ်တယ်လို့ ပန်ဝါဒေသကို ရောက်ရှိနေတဲ့ အမျိုးသားတစ်ဦးဆီက ကြားသိရပါတယ်။

ဒါ့အပြင်တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးမှာ ရှိနေသူတစ်ဦးရဲ့ ပြောပြချက်အရ ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ပြည်သူတွေဟာ မြို့ပြင်ဘက်ထွက်ချင်ပေမဲ့ လမ်းတွေပိတ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒါကြောင့် ပြည်သူတွေဟာ မြို့ရဲ့ကပ်လျက်မှာရှိတဲ့ တရုတ်နယ်စပ် ခြံစည်းရိုးတစ်လျှောက်ဘက်ကို အတတ်နိုင်ဆုံး တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။

ဒီမှာ အခြေအနေအရမ်းဆိုးလာရင် တရုတ်ဘက်က ဂိတ်ဖွင့်ပေးမယ်လို့ကြားနေရတယ်။ အဲဒါကြောင့် ပြည်သူတွေက နယ်စပ်ခြံစည်းရိုးနား အကုန်ရောက်နေတယ်။ ဆိုင်တွေလည်းအားလုံး ပိတ်ထားပြီ။လို့လည်း နောက်ထပ်ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ KIA ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ချီဖွေမြို့အပါ ပန်ဝါမြို့တစ်လျှောက်က ဂိတ်တွေနဲ့ စခန်းတွေကို အားလုံးသိမ်းပိုက်ထားနိုင်ပြီ ဖြစ်တဲ့အပြင် ပန်ဝါမြို့အနီးက အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ကိုလည်း အောက်တိုဘာလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါ့အပြင် မနေ့အောက်တိုဘာလ ၁၇ ရက်နေ့မှာ တရုတ်နယ်စပ်ဂိတ်ရှိရာ ကန်ပိုက်တီမြို့နဲ့ ဆဒုံးကျေးရွာကြားက အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ်(စင်ကြိုင်) အနီးက ကာကင်းစခန်း ၃ ခု ကိုလည်း ဆက်လက် သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ကချင်အထူးဒေသ (၁) ချီဖွေမြို့နဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဆော့လော်မြို့တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဝိုင်းမော်မြို့ကလွဲပြီး မြို့အရှေ့ဘက် (ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်)နဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ကတော့ KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားပြီးတော့ ပန်ဝါမြို့ဟာ နယ်ခြားစောင့်တပ် ဗဟိုဌာနချုပ် အခြေစိုက်ရာနေရာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here