စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စုက ကျေးလက်ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။
ကျေးလက် ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေရှိစဉ်က ကျန်းမာရေးကိစ္စရပ်အတွက် ငွေအကုန်အကျ သက်သာခဲ့ပေမယ့် အခုနောက်ပိုင်း ပြင်ပဆေးခန်းတွေမှာ ကုသနေကြရပြီး ငွေအကုန်အကျ များတာကြောင့် ခက်ခဲမှုတွေရှိတယ်လို့ ရှဒူးဇွပ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခုကျွန်တော်တို့ ဖျားနာရင်က တော်တော်တော့ ကုန်တာပေါ့နော်။ အပြင်ဈေးနဲ့ဝယ်ရင် ဆေးတစ်ချောင်းထိုးရင် ဘယ်လောက်၊ အဲဒါတွေ အဆမတန်များလာတာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အဲဒီကျေးရွာအုပ်စုက ကျန်းမာရေးဝန်ထမ်းအများစုဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်သွားကြတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် အခုနောက်ပိုင်း သူခိုးတွေကနေ ဆေးရုံဆေးခန်းတွေက ပစ္စည်းတွေကို ခိုးယူသွားတာတွေရှိတယ်လို့လည်း ဝါရာဇွပ်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ သူခိုးတွေခိုးလို့ ပစ္စည်းတွေ ဘာမှမရှိတော့ဘူး။ အဲဒါကြောင့် အဆောက်အဦကိုတောင် လူစောင့်ဖို့ ရွာကနေ လူခေါ် လစာပေးပြီးစောင့်ခိုင်းထားတာ။ ကုတင်တွေကအစ ပန်ကာကပ်ထားတာတွေဖြုတ် ၊ရေစင်တွေရော ဖြုတ်ယူလိုက်တာ။ “လို့ ဝါရာဇွပ်ဒေသခံက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဝါရာဇွပ်ကျေးရွာအုပ်စုမှာ သာမက ပူတာအိုမြို့နယ်က ကျေးရွာအချို့မှာလည်း ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် အဲဒီဒေသဘက်က ကိုယ်ဝန်ဆောင်မိခင်တွေဟာ အလှမ်းဝေးတဲ့ နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက်ခံယူနေကြရပါတယ်။
ဓါတ်ပုံ- ပုံဟောင်း ဖြစ်ပါသည်။