ပူတာအိုမြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် ကျန်မာရေးဝန်ထမ်းများ မရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ အခက်ကြုံနေရ

241
ပူတာအိုမြို့နယ် လုံရှာယန် ကျေးရွာအုပ်စုအတွင်းက ကျေးလက်ဆေးရုံဆေးပေးခန်းတွေမှာ ကုသမှုပေးနေကြတဲ့ ကျန်းမာရေးဆရာ/မတွေ မရှိတော့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အခက်ကြုံ

ထရေဇာ ရေးသားသည်

စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လုံရှာယန် ကျေးရွာအုပ်စုအတွင်းက ကျေးလက်ဆေးရုံဆေးပေးခန်းတွေမှာ ကုသမှုပေးနေကြတဲ့ ကျန်းမာရေးဆရာ/မတွေ မရှိတော့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အခက်ကြုံနေရပါတယ်။

ကျေးရွာအတွင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကာကွယ်ဆေးထိုးဖို့နဲ့ ကိုယ်ဝန်အပ်ဖို့အတွက် သူတို့နေထိုင်တဲ့ ကျေးရွာကနေ  (၂၅) မိုင်ကျော် ကွာဝေးတဲ့ ပူတာအိုမြို့နယ်ဆေးရုံကို သွား‌ရောက်ကုသရတယ်လို့ ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ပြောပါတယ်။

ဒီလိုကုသမှုခံယူဖို့က လက်ရှိမှာလည်း ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ဓာတ်ဆီစျေး အဆမတန်မြင့်တက်နေသလို သွားလာရတဲ့ လမ်းခရီးကလည်း ဝေးလွန်းတာကြောင့် အခက်ကြုံနေကြရတယ်လို့ လုံရှာယန်ကျေးရွာဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ ဒေါ်အခေါန်က မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ ကိုယ်ဝန်အပ်ဖို့ နေရာလည်း မရှိဘူး။ တိုက်နယ်ဆေးရုံမှာလည်း ဆရာမ မရှိတော့ဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေလည်း အရမ်းဒုက္ခရောက်နေတယ်။  ပူတာအိုဘက် သွားဖို့လည်း သူများဆိုင်ကယ် ငှားမယ်ဆိုရင် မုန့်ဖိုးလို ပေးရတယ်ဆိုတော့ မအပ်ဘဲနဲ့ နေနေတာ” လို့ ဒေါ်အခေါန်က ပြောပါတယ်။

အလားတူ လုံရှာယန်ကျေးရွာနဲ့  (၅) မိုင် ကျော် ကွာဝေးတဲ့ တန်ဂျာကျေးရွာက ကိုယ်ဝန်ဆောင်မိခင် အများစုလည်း ကိုယ်ဝန်အပ်ဖို့ အခက်အခဲဖြစ်နေပြီး ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ရှိနေကြောင်း တန်ဂျာ ကျေးရွာသူ/သားတွေက ပြောပါတယ်။

လူဦးရေ (၅၀၀) ကျော် နေထိုင်တဲ့ တန်ဂျာကျေးရွာဘက်ကို လုံရှာယန်ကျေးရွာ ဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို သွားရောက်ကြည့်ရှုကုသတာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက် ရောက်လာတာမျိုး မရှိတော့ဘူးလို့ တန်ဂျာကျေးရွာသူ ကိုယ်ဝန်ဆောင်မိခင် ဒေါ်စီစီလျားက ဆိုပါတယ်။

အသွားအပြန်လည်း အရမ်းခက်တယ်။ ပူတာအိုဘက် မသွားတတ်တဲ့သူတွေ၊ သွားဖို့ ဆိုင်ကယ်မရှိတဲ့သူတွေ အများကြီး ရှိတယ်။ ဆိုင်ကယ်မရှိတဲ့သူတွေကို မောင်းပို့ပေးနိုင်တဲ့သူတွေလည်း မရှိကြဘူး။ ပြီးတော့ ကာကွယ်ဆေးတွေ မထိုးတဲ့ သူတွေရော အများကြီးပဲ” လို့ ဒေါ်စီစီလျားက ပြောပါတယ်။

တန်ဂျာကျေးရွာအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး (၁၀) ဦး ထက် မနည်း ရှိနေပြီး အဲဒီထဲကမှ တချို့က  မိုင် (၄၀) လောက် ကွာဝေးတဲ့ ပူတာအိုမြို့က ဆေးရုံကြီးဆီ ကိုယ်ဝန်အပ်တာတွေ၊ ကာကွယ်ဆေး ထိုးနှံတာတွေ လုပ်ဆောင်တယ်လို့ သူက ဆိုပါတယ်။

ပူတာအိုဒေသဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမြို့နဲ့ မိုင် ၂၀၀ ကျော် ကွာဝေးပြီး အခြားဒေသတော်တော်များများထက် လမ်းပန်း ဆက်သွယ်ရေး  အခက်အခဲရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အရင်က လုံရှာယန် ကျေးရွာအတွင်းမှာရှိတဲ့ ကျေးရွာဆေးရုံနဲ့ ကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ ရှိခဲ့ပြီး အနီးအနားမှာရှိတဲ့ ကျေးရွာတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာတွေက ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကျန်းမာ‌ရေး ဆရာ/မတွေ မရှိတော့တာကြောင့် ကာကွယ်ဆေးလည်း မထိုးရ ကိုယ်ဝန်အပ်နှံပြသတာလည်း မလုပ်ရလို့ ကလေးမွေးဖွားဖို့အတွက် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

ကျန်းမာရေး ဆရာ/မတွေ ရှိနေချိန်က သူတို့ညွှန်ကြားတဲ့အတိုင်း ကလေးမွေးဖွားတာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရွာအတွင်းရှိ ဝမ်းဆွဲသည် (ကျန်းမားရေး သားဖွားဆရာမ မဟုတ်တဲ့ အရပ်ထဲကလေးမွေးဖွားပေးသူ) တွေနဲ့သာ ကလေးမွေးဖွားရမယ့် အခြေအနေရှိနေလို့ စိုးရိမ်မိတဲ့အကြောင်း ဒေါ်အခေါန်က အခုလို ပြောပြပါတယ်။

“ အခုက ဆရာမတွေလည်း မရှိတော့ အိမ်မှာပဲမွေးမယ်ဆိုရင် အရမ်းစိုးရိမ်တယ်။ ဘယ်လို မွေးယူရမလဲဆိုပြီး စိတ်အရမ်း ညစ်နေတယ်။ ရွာကသိတဲ့ အဖွားတွေနဲ့ မွေးကြတာပေါ့။ သူတို့နဲ့မွေးရင် ကလေးပြောင်းပြန် ဖြစ်တာတွေ ရှိခဲ့မယ်ဆိုရင် စိုးတော့ စိုးရိမ်တာပေါ့။ ဆေးရုံ၊ ဆေးခန်းလည်း မရှိဘူးဆိုတော့ မွေးခါနီးပြီဆိုရင် လက်သည်လိုသိတဲ့ အဖွားတွေနဲ့ပဲ မွေးရမှာပေါ့”  သူ့အခက်အခဲကို  ပြောဆိုပါတယ်။

ကလေးမွေးဖွားချိန် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် ပူတာအိုမြို့မှာရှိတဲ့ ဆေးရုံကြီးဆီကို သွားရမှာ ဖြစ်တဲ့အပြင် လက်ရှိဓာတ်ဆီစျေးအရ  ကားငှားခ အနည်းဆုံး  ကျပ် ၇ သောင်းကျော်လောက် ပေးရမှာဖြစ်တာကြောင့်ငွေကြေး အခက်အခဲကြုံရပြီး မလွယ်ကူဘူးလို့ သူက ဆက်ပြောပါတယ်။

လုံရှာယန်ကျေးရွာမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄ ထောင်ကျော် နေထိုင်ကြပြီး ဒေါ်အခေါ်န်ရဲ့ ပြောပြချက်အရ သူတို့ကျေးရွာအတွင်း ကိုယ်ဝန်ဆောင်မိခင် ဦးရေဟာ ရာဂဏာန်းလောက် ရှိနိုင်တယ်လို့လည်း  ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်တဲ့ တန်ဂျာကျေးရွာခံ ဒေါ်စီစီလျားကလည်း အရေးပေါ်အခြေအနေတွေ ကြုံလာရမယ်ဆိုရင် ရွာထဲက ကလေးမွေးဖွားပေးဖို့ အတွေ့အကြုံရှိတဲ့ အဖွားတစ်ဦးဆီမှာ မွေးဖွားဖို့ စဉ်းစားထားပေမယ့် စိုးရိမ်စိတ်တွေ တိုးနေတယ်လို့ သူက ပြောပါတယ်။

ရွာမှာ မွေးပေးတဲ့ အဖွားတစ်ယောက် ရှိတယ်။ အရေးပေါ် အခြေအနေဆိုရင်တော့ သူနဲ့ပဲ မွေးရတော့မှာပေါ့။ စိုးရိမ်တာတော့ အရမ်းစိုးရိမ်တာပေါ့။ ဘယ်လိုမှ မတတ်နိုင်ရင်တော့ ဖြစ်နိုင်တဲ့ ဟာကို ရွေးရတော့မှာပေါ့” လို့ ဒေါ်စီစီလျားက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် လုံရှာယန် ကျေးရွာနဲ့ တန်ဂျာကျေးရွာတွေဘက်တွေမှာ အခုအချိန်ထိ ပြင်ပအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သီးသန့် လာရောက် ကြည့်ရှုပေးတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

တန်ဂျာကျေးရွာအတွင်းက ကိုယ်ဝန်ဆောင် မိခင်တွေအတွက် အရေးပေါ်အခြေအနေ ကြုံလာရင် ကူညီဆောင်ရွက်ပေးဖို့ အရေးပေါ် ပို့ဆောင်ရေးကားတွေ အဆက်အသွယ်တွေ ထားပေးစေချင်တယ်လို့လည်း တန်ဂျာကျေးရွာသားတစ်ဦးက အခုလို ပြောဆိုပါတယ်။

“ ကျွန်တော့်မိန်းမ ကလေးမွေးဖို့ မိုးလည်းရွာနေတဲ့အချိန် ကိုယ်ဝန်နဲ့မိခင်ကို ဆိုင်ကယ်တင်ပြီး သွားရတယ်။ အိမ်မှာမွေးမယ့်သူတွေ တကယ်လို့ အရေးပေါ် ကြုံလာလို့ရှိရင် ဆေးရုံဘက်သွားရမှာ ဆိုတော့ အကူအညီ တောင်းချင်တာက ခရီးလည်းဝေးတယ်ဆိုတော့ ကားလိုမျိုးရှိနေရင် အဆင်ပြေမှာပေါ့။  ဆိုင်ကယ်နဲ့ ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေကို တင်ပြီးသွားဖို့က ခက်တယ်” လို့ သူက ပြောပါတယ်။

လုံရှာယန်ကျေးရွာ အနီးတစ်ဝိုက်မှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့  စစ်ကောင်စီဘက်က ဂျက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ အများအပြားဟာ နီးစပ်ရာ ဆွေးမျိုးနေအိမ်တွေနဲ့  ဘေးလွတ်ရာ တောတောင်တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ အနေနဲ့ လုံရှာယန်နဲ့ တန်ဂျာကျေးရွာအတွင်း စခန်းချနေထိုင်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီလို နိုင်ငံရေး မတည်ငြိမ်မှုတွေအပြင် လမ်းပန်းဆက်သွယ်ရေးလည်း သာမာန်ထက် ခက်ခဲတာတွေကြောင့်  ကျေးရွာသား ဒေသခံပြည်သူတွေကို လာရောက်ကြည့်ရှုပေးမယ့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေ၊ လူမှု့အဖွဲ့အစည်းက ဆရာ/မတွေက လာရောက်ဖို့ ခက်ခဲတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေဟာ မေးခိုင်နဲ့ ဆုံဆို့ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်စဉ် ၂၈ ပတ်မှာ တစ်ကြိမ်၊ ထိုးပြီးတစ်လအကြာမှာ တစ်ကြိမ် ထိုးကြဖို့လိုအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကာကွယ်ဆေး ကြိုတင်ထိုးနှံထားတာဟာ လိုအပ်တဲ့ အရေးပါမှုတစ်ခု ဖြစ်တဲ့အပြင် မွေးလာမယ့် ကလေးတွေအတွက် ရောဂါကာကွယ်ပေးမှာ ဖြစ်တယ်လို့ သားဖွားမီးယပ်အထူးကု CDM ဆရာဝန် ဒေါက်တာ အိုလီက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဆရာဝန် မလုံလောက်တာတွေ၊ ဆေးနဲ့ ဆေးပေးခန်း မရှိတာတွေကို ဒေသခံပြည်သူတွေက သက်ဆိုင်ရာဌာန အဆင့်ဆင့်ကို တင်ပြလာခဲ့ရင် တာဝန်ယူဖြေရှင်းပေးသွားမယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here