တိုက်ပွဲဖြစ်ပွားတဲ့ ကာလအတွင်း မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာက နေအိမ်တော်တော်များများ ထိခိုက်ပျက်စီး

229

 

မတ်၊ ၂၈

တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာက နေအိမ်တော်တော်များများ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နွမ်လန့်အခြေစိုက် ၄၃၈ တပ်အပြင် ဒုံးတပ်ဖြစ်တဲ့ ၆၁၆ တပ်စခန်း ၂ခုနားမှာ ရှိတဲ့ရွာဖြစ်တာကြောင့် အဲဒီတပ်စခန်းတွေမှာ တိုက်ပွဲဖြစ်ပွားတဲ့ အတောအတွင်း ကျေးရွာက နေအိမ်တွေ ထိခိုက်ပျက်စီးသွားတာလို့ နွမ်လန့် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ နွမ်လန့်ကျေးရွာမှာ အိမ်ခြေ ၁၂၀ လောက်ရှိပြီး အများစုက ပျက်စီးသွားပြီလို့ ဆိုပါတယ်။

အိမ်သွားကြည့်တာ လက်နက်ကြီးကျတွေလား ဘာလည်းမသိဘူး အိမ်တွေတောင် တော်တော်ပျက်စီးသွားပြီ။ ” လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လ ၇ ရက်နေ့ကနေ ဒေသခံ

တွေတိမ်းရှောင်သွားတဲ့နောက် KIA က အဲဒီတပ်စခန်းတွေကို မသိမ်းပိုက်ခင် အချိန်အထိ အဲဒီတပ်စခန်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ၊ တပ်မ ၈၈ တပ်သားတွေနဲ့ တခြားတပ်သားတွေဟာ ကျေးရွာမှာ၀င်ရောက်နေထိုင်ပြီး အိုးခွက် ပန်းကန်တွေကအစ ဖျက်ဆီးထားတယ်လို့လည်း ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်လောက်ကလည်း

ဒေသခံတွေ သွားရောက်တိမ်းရှောင်နေတဲ့ နေရာဘက်မှာ လက်နက်ကြီးကျည်ကျတာကြောင့် ထိခိုက်သေဆုံးတာနဲ့ နေအိမ်မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နွမ်လန့် ဒေသခံတွေဟာ လက်ရှိအချိန်အထိ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ ဝေးတဲ့နေရာဘက်မှာ မိုးကာတဲတွေ ဆောက်ပြီး သွားရောက် နေထိုင်နေတာဖြစ်ပါတယ်။

စစ်ရေးတင်းမာလာတဲ့ ဖေဖော်၀ါရီလပိုင်းလောက်ကတည်းက တိမ်းရှောင်သွားတဲ့သူတွေရှိသလို တိုက်ပွဲစတင်ဖြစ်ပွားတဲ့ မတ်လပိုင်းမှ တိမ်းရှောင်သွားတဲ့သူတွေလည်းရှိပြီး လက်ရှိမှာတော့ တိမ်းရှောင်နေတာ ကြာလာတဲ့အတွက် စား၀တ်နေရေးကအစ ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

သွားရောက်တိမ်းရှောင်နေတဲ့သူတွေထဲ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေလည်း ထက်၀က်လောက်ပါ၀င်ပြီးတော့ လတ်တလော ကလေးငယ်တွေမှာ အထက်လန် အောက်လျှော အဖြစ်များနေတယ်လို့လည်း နွမ်လန့်ဒေသခံက ပြောပါတယ်။

အခု ကလေးတွေက အထက်လန် အောက်လျှောတွေဖြစ်နေတယ်။ ညဘက်မိုးရွာရင် အိပ်လို့မရဘူး စောင်တွေစိုကုန်တာ။အခုက မိုးရွာလိုက် နေပူလိုက်ဆိုတော့။ဆေးဝါးတွေအပြင် အမျိုးမျိုးလိုတာပေါ့။”လို့ လက်ရှိအခက်အခဲကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိနေထိုင်နေတဲ့နေရာဘက် ရေမကောင်းတဲ့အတွက် သောက်ရေသုံးရေကအစ အခက်ခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

နွမ်လန့်ကျေးရွာက ဒေသခံတွေသာမက သာလီ၊ ကုန်းလော၊မြို့သစ်၊ စီဟတ် စတဲ့ ကျေးရွာတွေဘက်က ဒေသခံတွေလည်း စစ်ကောင်စီတပ်နဲ့ ဝေးတဲ့နေရာဘက်မှာ သွားရောက်တိမ်းရှောင်နေတာဖြစ်ပြီး လူဦးရေ ထောင်ကြီးပိုင်းရှိတယ်လို့ သိရပါတယ်။

နွမ်လန့်ကျေးမှာရှိတဲ့ စစ်ကောင်စီ အခြေစိုက်တပ်နဲ့ ၆၁၆ ဒုံးတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ သိမ်းပိုက်ယူနိုင်ခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့ ခမရ ၃၈၇ နဲ့ ခမရ ၃၂၀ တပ်တွေကိုလည်း သိမ်းပိုက်ထားပြီးပါပြီ။

အခုနှစ် နှစ်စပိုင်းကတည်းကနေ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး မတ်လ ၇ ရက်နေ့က စစ်တင်လိုက်တဲ့ ထိုးစစ်မှာလည်း မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီစခန်းတပ်စခန်းတွေအပါအဝင် လိုင်ဇာဌာနချုပ်အနီးက စခန်းကြီးစခန်းငယ် စုစုပေါင်း ၄၀ လောက်ကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here