ဗန်းမော်မြို့က ရေဘေးသင့်ပြည်သူများ သောက်ရေသန့်နှင့် ဆေးဝါးများလိုအပ်နေ။

559
ဗန်းမော်ရေကြီး

ဗန်းမော်မြို့က မြေနိမ့်ပိုင်းရက်ကွက်တွေမှာ နေထိုင်တဲ့ပြည်သူတွေ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ရတာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ပြီး သောက်ရေသန့်နဲ့ ဆေးဝါး တွေလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက်တွေထဲကို မြစ်ရေဝင်ရောက်ခဲ့လို့ အဲဒီရပ်ကွက်က ပြည်သူတွေအနေနဲ့ ယာယီ ကယ်ဆယ်ရေးစခန်းအဖြစ် ပြုလုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဇွန်လ (၁၅) ရက်နေ့လောက်ကနေ ပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပြီး ပြောင်းရွှေ့တဲ့အချိန်ယူဆောင်လာတဲ့ ရေသန့်တွေကိုသာ သောက်သုံးနေကြရပြီးတော့ ဖျားနာသူတချို့လည်းရှိပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေတော့ မရရှိသေးဘူးလို့ ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေထိုင်နေရသူတစ်ဦးက ပြောပါတယ်။

” ရေသန့်တွေကတော့မရရှိဘူးဗျ။ အိမ်တိုင်းအိမ်တိုင်းကနေတော့ ရေသန့်ဘူးလေးတွေတော့ ဆောင်ထားကြတယ် ရေသန့်ဘူးအကြီးတွေပေါ့။ ကလေးတွေကတော့ ရေတွေကူးကြ တချို့ကလည်း ရွှေ့ပြောင်းတဲ့အခါ ပစ္စည်းသယ်ဖို့ ထော်လာဂျီတွေမရှိကြဘူးလေ။ တချို့က လူနဲ့သယ်ရတဲ့အခါကျတော့ ရေထဲတက်လိုက် ဆင်းလိုက်နဲ့ သယ်ကြတဲ့အခါကျတော့ တချို့ကလည်းဖျားကြတာပေါ့။ ဆေးဝါးအကူအညီတွေကတော့ ကိုယ့်ဆေးသူ့ဆေးနဲ့ပဲ အကုန်လုံး “

လက်ရှိအချိန်မှာ မြစ်ရေဟာရပ်တန့်နေပြီး ရေပြန်ကျဖို့အတွက် အချိန်ကြာမြင့်နိုင်တဲ့အတွက် ကယ်ဆယ်စခန်းမှာ ဆက်လက်နေထိုင်ရဦးမယ်ဆိုရင် လက်ရှိ ထောက်ပံ့ပေးထားတာတွေနဲ့ လုံလောက်မှုမရှိတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရက်ရှည်နေရမယ်ဆိုရင်တော့ ကျနော်တို့က ထောက်ပံ့တာနဲ့တော့မလုံလောက်ဘူးပေါ့လေ။ သူတို့က လာထောက်ပံ့တာက အုပ်စု တွေကများတဲ့အခါကျတော့ အခု တစ်အိမ်ထောင်ကို မိသားစုဘယ်လောက်ပဲရှိရှိ ဆန်(၄) ပြည်ပဲထောက်ပံ့နိုင်တယ်လေ။ တချို့မိသားစုများသလို တချို့မိသားစုနည်းတယ်။ မိသားစုများတဲ့သူတွေကျတော့ မလုံလောက်တော့ဘူးလေ။ တနေ့လုပ်တနေ့စားကျတဲ့ မိသားစုတွေကျတော့ မလုံလောက်ကျတော့ဘူး။ “

ဒါ့အပြင် အရင်နှစ်တွေမှာဆိုရင် ဇူလိုင်လနဲ့ ဩဂုတ်လ လောက်မှာသာ မြစ်ရေကြီးတတ်ပြီး ဒီနှစ်ရဲ့မြစ်ရေကြီးမှုဟာ အရင်နှစ်တွေထက် တစ်လပိုစောပြီးတော့ ရေတက်နှုန်းလည်း မြန်ဆန်တယ်လို့ ဒေသခံတွေက ပြေပါတယ်။

ကချင်ပြည်နယ်အတွင်း သာမန်ထက်ထူးကဲပြီး မိုးရွာသွန်းမှုများခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့လောက်ကနေ ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပြီး မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်တာကြောင့် ဘေးလွှတ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေရတာဖြစ်ပါတယ်။

မြစ်ရေဝင်ရောက်တဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေကနေ ပြောင်းရွှေ့လာကြတဲ့ အိမ်ထောင်စုပေါင်းဟာ မနေ့ထိ ၂၇၀ နီးပါးရှိပြီးတော့ လူဦးရေပေါင်း ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here