ဗန်းမော်မြေနိမ့်ပိုင်း ရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုကြောင့် လူဦးရေ (၁၀၀၀) ကျော် ရေဘေးတိမ်းရှောင်နေရ

334
ဗန်းမော် ရေဘေး

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရက်ကွက်တွေမှာ မြစ်ရေဝင်ရောက်ခဲ့လို့ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အိမ်ထောင်စုပေါင်း (၂၀၀) ကျော်နဲ့ လူဦးရေ တစ်ထောင်ကျော် ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။

မြို့ပေါ်ရပ်ကွက် ၁၆ ခုထဲက မြစ်ရေဝင်ရောက်မှုအများဆုံးဖြစ်တဲ့ မြေနိမ့်ပိုင်းရပ်ကွက် (၅) ရပ်ကွက်က အိမ်ထောင်စု (၂၆၉) စုက လူဦးရေပေါင်း (၁၀၂၂) ဦးကို လက်ရှိအချိန်မှာ ယာယီ ကယ်ဆယ်ရေးစခန်းအနေနဲ့ ပြုလုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ပေးထားတယ်လို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်ရှိတဲ့ထဲမှာ ဆင်ကုန်းရပ်ကွက်ရယ် ၊ ပေါက်ကုန်းရပ်ကွက်ရယ် နောက် သီရီရပ်ကွက်ရယ် ၊ ခွန်သာရပ်ကွက်ရယ် ၊ နောက်ညောင်ပင်ရပ်ကွက်ရယ် ၊ မင်းကျောင်းကုန်းရပ်ကွက်ရယ်ပေါ့။ အဲဒီ ရပ်ကွက်တွေကတော့ မြေနိမ့်ပိုင်းပေါ့ ။ အကုန်လုံးတော့မပါဘူးပေါ့ ။”လို့ တာဝန်ရှိသူကဆိုပါတယ်။

မြစ်ရေဝင်ရောက်တဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေကနေ ပြောင်းရွှေ့လာကြတဲ့ အိမ်ထောင်စုပေါင်းဟာ ဇွန်လ (၂၀) ရက်နေ့အထိ (၂၆၉) စု ရှိပြီးတော့ ဒီကနေ့မှာလည်း မြစ်ရေဆက်လက်ဝင်ရောက်နေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေကြဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

” ဆင်ကုန်းမှာဆိုရင်တော့ မဟာဝိရသီ ဘုန်းကြီးကျောင်းပေါ့ ၊ ခွန်သာရပ်ကွက်မှာတော့ ကယ်ဆယ်ရေးစခန်း (၃) ခုရှိပါတယ်ဗျ။ လေးတပ်ကြီးဘုန်းတော်ကြီးကျောင်းပေါ့ ၊ နောက်တစ်ခုကတော့ မင်းစည် ဘုန်းတော်ကြီးကျောင်းပေါ့ ၊ နောက်တစ်ခုကတော့ ရေရှင်ဘုန်းတော်ကြီးကျောင်းပေါ့ ဒါကတော့ ခွန်သာရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးစခန်း (၃) ခုပေါ့ ။ မင်းကျောင်းကုန်းမှာကျတော့ ပရဟိတ ဘုန်းတော်ကြီးကျောင်းပေါ့ ။ ပေါက်ကုန်းမှာကျတော့ ဓမ္မမိသာရုံ ဘုန်းတော်ကြီးကျောင်းပေါ့ ။ ညောင်ပင်ရပ်မှာတော့ တောင်လေးလုံး ဘုန်းတော်ကြီးကျောင်းပေါ့ ။ သီရိရပ်ကွက်မှာကျတော့ သီရိတဇ ဘုန်းတော်ကြီးကျောင်းပေါ့ ။ အလယ်ရပ်ကွက်မှာတော့ ရွှေကျောင်း ဘုန်းတော်ကြီးကျောင်းပေါ့ ။ အဲ့လိုတွေ ထားထားပါတယ်ခမျ။ ဒီနေ့လည်း မြစ်ရေက တဖြည်းဖြည်းစိမ့်ဝင်နေတာဆိုတော့ ဝင်တုန်းပဲရှိသေးတယ်။” လို့လည်း ရှင်းပြပါတယ်။

ဧရာဝတီမြစ်ရေ မြင့်တက်
ကချင်ပြည်နယ်တစ်ခုလုံးနဲ့ မြောက်ဖျားပိုင်းမှာ ဇွန်လအစောပိုင်းကနေ သာမန်ထက် ထူးကဲမိုးရွာသွန်းမှုများတဲ့အတွက် ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ မေခ နဲ့ မလိခ မြစ်ရေတဟုန်ထိုးမြင့်တက်ခဲ့တာကြောင့် ဧရာဝတီမြစ်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မိုးများတာကြောင့် မိုးကောင်းမြို့က နန့်ရင်းချောင်း နဲ့ ဥရုချောင်းရေမြင့်တက်ခဲ့တာတွေကြောင့်လည်း မိုးညှင်း နဲ့ ဖားကန့်မြို့နယ်ဘက်မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here