ဇူလိုင်၊၂၀
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဥရုချောင်းရေ အနည်းငယ် ပြန်လည်ကျဆင်းသွားပေမဲ့ စစ်ရှောင်စခန်းတွေနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ ရေနစ်မြုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မလန်ဒုံ(Malang Dung)စစ်ဘေးရှောင်စခန်းမှာ ရေဝပ်နေဆဲဖြစ်ပြီး ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘူးလို့ စစ်ရှောင်ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရေတွေက အိုင်ပြီး ဝင်လာတဲ့အတွက် အရမ်းကြီးဆုံးရှုံးသွားတာတော့ မရှိပေမဲ့ တချို့ပစ္စည်းတွေ မထုတ်ယူနိုင်တာတွေ မြုပ်သွားတယ်။ နေမဲ့နေရာ အိပ်မဲ့နေရာတွေတော့ ခက်ခဲသွားတာပေါ့။”လို့ အထက်ပါ စစ်ရှောင်က ပြောပါတယ်။
မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေပြန်တက်လာတဲ့အတွက် မလန်ဒုံ(Malang Dung)စစ်ဘေးရှောင်စခန်းအတွင်း ရေတွေဝင်ရောက်ခဲ့ပြီးတော့ စစ်ရှောင်ပြည်သူတွေ ဒုက္ခကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
“ လုံးခင်းဘက်မှာတော့ ရေတွေရှိသေးတယ်။ ဒီနေ့ကတော့ မိုးအုံလိုက် နေပူလိုက်နဲ့ မိုးမရွာဘူး။”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဖားကန့် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မော်ဝမ်း၊ငှက်ပျောတော၊အေးမြသာယာ၊မရှီကထောင်၊ မြို့မ-စတဲ့ ရပ်ကွက်တွေက တချို့နေရာတွေမှာ ရေဝပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေက ပြည်သူတွေကိုလည်း လူမှုကယ်ဆယ်ရေးအသင်းတွေ အနေနဲ့တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။
မနေ့က မိုးရေအဆက်မပြတ်ရွာတဲ့အတွက် ဥရုချောင်းရေ မြင့်တက်လာပြီး ဖားကန့်ဒေသက မြေနိမ့်ရပ်ကွက်တွေမှာ ရေတွေအရှိန်နဲ့ ဝင်ရောက်လာပြီး နေအိမ်နဲ့လမ်းတံတား ပြိုကျတာတွေ ဖြစ်ပွားခဲ့တာပါ။
ဖားကန့်ဒေသဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှု ဒဏ်တွေကို ဆိုးဆိုးရွားရွား ခံစားနေကြရပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။






