ဧပြီ၊၁၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူချောင်းဘက် ရေချိုးသွားတဲ့ ကလေးငယ် လေးဦး ရေနစ်သေဆုံးပြီး တစ်ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ တနိုင်းဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဧပြီလ ၁၄ ရက်နေ့ မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ အသက် ၇ နှစ်ကနေ ၁၃ နှစ်အရွယ်တွေ ရှိကြတဲ့ မိန်းကလေးငယ် ငါးဦးဟာ နမ်ဗျူချောင်းဘက် ရေချိုးရင်းက ရေနစ်သေဆုံးသွားခဲ့ကြတာပါ။
ရေနစ်သေဆုံးနေတဲ့ ကလေး လေးဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ တစ်ဦးကိုတော့ လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ငါးယောက် အားလုံးမိန်းကလေးတွေပဲ။ ချောင်းဆုံ အိုင်မှာဟုတ်တယ်။ ရွှေတူးတဲ့ နေရာတော့ မဟုတ်ဘူး။ တစ်ယောက်ကတော့ ခုထိမတွေ့သေးဘူး။ ရှာနေဆဲ ဖြစ်တယ်“လို့ ဆိုပါတယ်။
အထက်ပါ ကလေးငယ်တွေဟာ အရင်က နမ်ဗျူနမ်ခမ် ကက်သလစ်စစ်ရှောင်စခန်းမှာ နေထိုင်ကြသူတွေ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ တနိုင်းမြို့နယ်အတွင်းက ငွေပျော်ကျေးရွာသစ်မှာ ပြောင်းရွှေ့နေထိုင်ကြသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသူကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ မနက်ဖြန်(ဧပြီလ ၁၆)ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။







