မြစ်ကြီးနား-ချီဖွေလမ်းတစ်လျှောက်က လက်နက်ကိုင် ဂိတ်စခန်းတွေမှာ ဂိတ်ဖြတ်သန်းခ ကျပ်လေးသိန်းအထိ ပေးဆောင်နေရ၊ စစ်ကောင်စီဂိတ်စခန်းတွေမှာ အများဆုံးပေးရတယ်လို့ဆို

15

 

ဧပြီ၊၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ချီဖွေလမ်းတစ်လျှောက်က လက်နက်ကိုင်ဂိတ်စခန်းတွေမှာ ပေးဆောင်ရတဲ့ ဂိတ်ဖြတ်သန်းကြေးဟာ စုစုပေါင်း ကျပ်လေးသိန်းလောက်အထိ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနား-ချီဖွေ လမ်းခရီးတစ်လျှောက် စစ်ကောင်စီဂိတ်၊ ပြည်သူ့စစ်ဂိတ်နဲ့ KIA ဂိတ်တွေမှာ ကျပ် ၂ သောင်းကနေ တစ်သိန်းလောက်အထိ ပေးဆောင်နေရပြီး ဂိတ်တစ်ခုနဲ့ တစ်ခုပေးဆောင်ရတဲ့ ပမာဏမတူပေမဲ့ စစ်ကောင်စီဂိတ်တွေဖြစ်တဲ့ ဗလမင်းထင်တံတား‌စောင့်ဂိတ်၊ ရှငေါ်ဂိတ်နဲ့ ဆဒုံးဂိတ်တွေမှာတော့ ဂိတ်ဖြတ်သန်းကြေး အများဆုံးပေးဆောင်ရတယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ချီဖွေထိ လမ်းစားရိတ်က လမ်းမှာပေးရတာပဲ လေးသိန်းလောက်ကုန်တယ်။ အများဆုံး ပေးရတဲ့ဂိတ်က ဗလမင်းထင်ဂိတ်၊ ရှငေါ်ဂိတ်နဲ့ ဆဒုံးဂိတ် ဟုတ်တယ်။ လူတင်တဲ့ကားလည်း အတူတူပဲ။ ပိုက်ဆံပေးရင်တော့ သွားလို့ရတယ်။ လူတွေကတော့ ထောက်ခံစာလိုတယ်လို့ ကားသမားက ပြောပါတယ်။

ဒါ့အပြင် ရှငေါ်စစ်ကောင်စီတပ်စခန်းဂိတ်မှာတော့ ကုန်တင်ယာဉ်တွေနဲ့ ပစ္စည်းတင်ကားတွေပဲ အခွန်ပေးဆောင်ရတာမျိုး မဟုတ်ဘဲ ခရီးသွားပြည်သူတစ်ဦးကို ငွေကျပ် သုံးသောင်းကနေ ငါးသောင်း အထိ ပေးဆောင်မှ ဖြတ်သန်းသွားလာခွင့်ပြုတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ခရီးသည်တစ်ယောက် ငါးသောင်းပေးပြီး ကျော်လို့ရတယ်။ ဒါပေမဲ့ ရှငေါဂိတ်မှာက ၂နာရီ၊ သုံးနာရီလောက် စောင့်ရသေးတယ်။ စိတ်ကြိုက် ဖြတ်သွား/လာ သွားလို့မရဘူးလို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းကနေ စပြီး ချီဖွေ-ပန်ဝါမြို့ဘက် အလုပ်လုပ်ကိုင်ဖို့ သွားတဲ့သူတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်တဲ့သူတွေကို အထက်ပါ ရှငေါဂိတ်က စစ်ကောင်စီတပ်သားတွေကနေ စစ်ဆေးရေးတင်းကျပ်ပြီး ဒေသခံကလွဲပြီး အုပ်ချုပ်ရေးမှူးထောက်ခံစာမပါတဲ့ ခရီးသွားပြည်သူအားလုံးကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလပိုင်းကနေပဲ ခရီးသွားတွေကို မှတ်ပုံစစ်ဆေးတာတွေပြုလုပ်ပြီး မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းဘက်က( ၅/မှတ်ပုံတင်)ကိုင်ဆောင်သူတွေကိုတော့ လုံးဝဖြတ်သန်းခွင့်မပြုဘူးလို့ ချီဖွေဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရတာပါ။

မန်ဒေါင်ကျေးရွာနဲ့ ခဝမ်ရွာအကျော်က ရှငေါ်ရွာ တံတားထိပ်က စစ်ကောင်စီဂိတ်စခန်းရှေ့မှာ စစ်သား ၅ယောက်ဝန်းကျင်လောက် ပုံမှန်စောင့်ကြပ်လေ့ရှိတဲ့အပြင် ကုန်းပေါ်မှာလည်း စစ်သားအများအပြား နေရာယူစောင့်ကြပ်နေ တယ်လို့လည်း ဆိုပါတယ်။

ကားသမားတွေရဲ့ ပြောပြချက်အရ ဝိုင်းမော်- ချီဖွေလမ်းတစ်လျှောက်မှာ စစ်ကောင်စီစစ်တပ်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်နဲ့ KIA တပ်ဂိတ် အစရှိတဲ့ လက်နက်ကိုင်တပ်တွေ ဖွင့်ထားတဲ့ ဂိတ်စုစုပေါင်း ၁၀ ဂိတ်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here