ဝါရာဇွပ်ကျေးရွာအတွင်း ဒေသခံများကန့်ထားသည့် နေရာတွင် ရွှေတူးဖော်မှုများ ပြုလုပ်နေ

67

 

အောက်တိုဘာ၊ ၁၇

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအတွင်းက ကန့်ကွက်နေထားတဲ့ နေရာမှာ ရွှေတူးဖော်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာပြီး စားကျက်မြေတွေ ဆုံးရှုံးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီနှစ်စက်တင်ဘာလဆန်းကနေစပြီး စက်အကြီးတစ်လုံးနဲ့ စက်အသေးရွှေဆိုင်း ၆ ခုလောက် ဝင်ရောက်တူးဖော်လာခဲ့ကြတာ ဖြစ်ပြီးတော့ လက်ရှိရွှေတူးဖော်တဲ့ လုပ်ငန်းရှင် ၆ ဦးထက်မနည်း ရှိနေပြီလို့ သိရပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့ နေရာဟာ မနားချောင်းဆုံနဲ့ ငကျန်ချောင်းဆုံကြားမှာဖြစ်ပြီး ရွှေတူးဖော်သူတွေဟာ ဝါရာဇွပ်တိုက်နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဆီ အခွန်ဆောင်ပြီးစီးပြီဆိုတဲ့ အနေအထားနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို လစ်လျူရှုနေကြတယ်လို့ ဆိုပါတယ်။

“ဝါရာဇွပ်ဒေသခံတွေ ပိတ်ထားတဲ့ နေရာမှာ ရွှေတူးလာကြတယ်။ အခွန်ဆောင်ပြီးပြီဆိုတဲ့ အနေအထားနဲ့ ရွှေတူးနေကြတာ။ မိုးကောင်းချောင်းမှာဆုံတဲ့ မနားချောင်းဆုံနဲ့ ငကျန်ချောင်းဆုံနေရာကြားမှာ မတူးပေးဖို့ ပြောထားတာ။ သွားပြောရင်လည်း အရေးတောင် မလုပ်ပေးဘူးလို့” ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အဲဒီချောင်းဟာ ရွာအလယ်မှာ စီးဆင်းနေတဲ့ ချောင်းဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ အလေးထား စဉ်းစားပေးစေလိုတယ်လို့ ဒေသခံက ဆိုပါတယ်။

“ရေမရှိရင် မဖြစ်နိုင်ဘူး။ တကယ်လို့ ရွှေတူးပြီး ပိတ်လိုက်ရင် ဝါရာဇွပ်ရွာက မြေနိမ့်တဲ့ နေရာဖြစ်တယ်။ ရေကြီးလာရင် ရေမြုပ်လာနိုင်တယ်။ သားစဉ်မြေးဆက်အထိ အကျိုးရှိတယ်။ တန်ဖိုးဖြတ်လို့မရဘူး။ ရွှေတူးတာက တစ်နေ့ထဲနေ့ ပြီးသွားနိုင်သလို နှစ်ရက်တည်းနဲ့လည်း ပြီးသွားနိုင်တယ်”လို့ အထက်ပါ ဒေသခံက ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ ရွှေတူးဖော်တဲ့နေရာ ရွှေ့ပေးဖို့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ဟူးကောင်းခရိုင်၊ ဝါရာဇွပ်တိုက်နယ်က အရာရှိတစ်ဦးကို ပြောဆိုထားတာ ရှိပေမဲ့ လက်ရှိအချိန်ထိဖြေရှင်းပေးတာတော့ မရှိသေးဘးလို့ သိရပါတယ်။

အဲဒီနေရာ အနီးတစ်ဝိုက်မှာ ဒေသခံတွေအနေနဲ့ ကျွဲ၊ နွားတွေ လာကျောင်းတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here