ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ တော်တော်များများနဲ့ သိုလှောင်ထားတဲ့ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်က လူမရှိတဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရှိန်းခေါင်ကျေးရွာရဲ့ အဓိကကျတဲ့ ရွာထိပ်ပိုင်းက နေအိမ် ရာကျော်မီးလောင်တဲ့အထဲ ပါသွားသလို သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေလည်း အများအပြား ဆုံးရှုံးသွားတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။
“မနေ့ည မိုးလင်းပိုင်း ၂ နာရီဝန်းကျင်လောက်ကနေ စလောင်တာ။ အထူးသဖြင့်က ရွာထိပ်ပိုင်း တောင်ထိပ်ပိုင်းကဟာတွေ အကုန်လောင်သွားတယ်။ အောက်ဖက် တောင်ခြေဘက်က အိမ်တွေတော့ ကျန်ခဲ့တယ်။” လို့ဒေသခံကဆိုပါတယ်။

ကိုဗစ်ကာလတုန်းက နယ်စပ်ဂိတ်ပိတ်သွားတာကြောင့် လူမနေတာကြာသွားတဲ့ ရှိန်းခေါင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၂ လဝန်းကျင်လောက်ကမှ နယ်စပ်ဂိတ်ဖွင့်ပြီး လူတွေ ပြန်လည်စည်ကားလာတာဖြစ်တယ်လို့ သိရပါတယ်။
ဒေသဘက်က ကုန်ပစ္စည်းတွေ တင်သွင်းလို့မရသေးပေမဲ့ တရုတ်ဘက်က ကုန်ပစ္စည်းတွေ တင်သွင်းလို့ရလာတဲ့အတွက် အရောင်းအဝယ်တွေပြုလုပ်ဖို့ ဒေသခံတွေ ပြန်လာနေကြတာဖြစ်ပြီး အိမ်တိုင်းလိုလို ကုန်ပစ္စည်းတွေ အများအပြား သိုလှောင်ထားကြတာဖြစ်တယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့ကနေ ရှိန်းခေါင်ကျေးရွာဘက်ရောက်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တရုတ်ပြည် နယ်စပ်ဘက်ကိုပဲ အဓိက အားထားနေရတဲ့ ရှိန်းခေါင်ကျေးရွာအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ စားဝတ်နေရေးတွေကအစ တော်တော်လေး ခက်ခဲနိုင်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။
“တောင်ကုန်းမှာဆိုတော့ နေရာကျယ်ကျယ်ဝန်းဝန်း မီးဘေးဒုက္ခသည်တွေ ထားဖို့နေရာလည်းမရှိဘူး။ ပြန်လည်ထူထောင်ရေးပိုင်း ခက်ခဲမယ်။ ကုန်ကျစရိတ်တွေ တော်တော်များမယ်။ သူတို့ ကုန်ပစ္စည်းတွေ လွပ်လွပ်လပ်လပ်တင်လို့မရလို့ရှိရင် ပြန်လည်ထူထောင်ဖို့မပြောနဲ့ စားသောက်ရေးပိုင်းတောင်မှ တော်တော်ခက်ခဲသွားနိုင်တယ်။” လို့ဆိုပါတယ်။
မီးလောင်မှုကြောင့် လူထိခိုက်မှုအပြင် ဆုံးရှုံးသွားတဲ့ ကုန်ပစ္စည်းတန်ဖိုးတွေနဲ့ မီးထဲပါသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတိအကျမသိရှိရသေးပါဘူး။
နယ်စပ်ဒေသဖြစ်တဲ့ ရှိန်းခေါင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိပြီး ကိုဗစ်ကာလ နယ်စပ်တွေပိတ်သွားတုန်းက လူအနည်းစုလောက်ပဲကျန်ခဲ့တာဖြစ်ပြီး လူတွေ ပြန်လည်စည်ကားလာတာ မကြာသေးဘူးလို့လည်း သိရပါတယ်။
Photo – NangSeng Pong







