မြစ်ကြီးနားမြို့၊ ပလနနယ်မြေရဲစခန်းဂိတ်တွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးရေးတင်းကျပ်

80

နိုဝင်ဘာ၊ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပ.လ.န နယ်မြေရဲစခန်းရှေ့မှာ အောက်တိုဘာလ နောက်အဆုံးအပတ်(သီတင်းကျွတ် ကျောင်းပိတ်ရက်) ကနေစပြီး လမ်းသွားပြည်သူတွေကို တားဆီးစစ်ဆေးမှုတွေ အခုရက်ပိုင်းတွေမှာ သိသိသာသာ ပြန်လည်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အရင်က ရဲနဲ့ စစ်သားတွေ စုပေါင်းပြီး စစ်ဆေးလေ့ရှိတဲ့ အထက်ပါ ရဲစခန်းရှေ့မှာ လက်ရှိအချိန်မှာတော့ ရဲတွေကနေ မသင်္ကာတဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးတဲ့အပြင် ပစ္စည်းတင်းကားကိုလည်း စစ်ပြီး ဆိုင်ကယ် Tool Box ကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တားဆီးစစ်ဆေးခံခဲ့ရတဲ့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဒီတစ်လောစစ်တယ်။ ဘယ်ကပြန်လာလဲ မေးတယ်။ Tool Boxတွေဖွင့်တာပေါ့။ ဘာရှာတာလဲ မသိဘူး သူတို့ရှာတာ မတွေ့ရင် လွှတ်လိုက်တာပဲ။ ဆေးသုံးလား ဆိုတာတွေ မေးတယ်”လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။

ဇူလိုင်လ ပထမအပတ်လောက်ကနေ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးတွေမှာ စစ်ကောင်စီကနေ စစ်ကြောင်းထိုးမှုတွေ ပြုလုပ်တဲ့နောက်ပိုင်းကနေ အထက်ပါ ပလန နယ်မြေရဲစခန်းမှာ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေ မရှိတော့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတွေ ကားလမ်း ဘယ်၊ ညာမှာ နှစ်ယောက်စီနေရာယူပြီး အတက်အဆင်းလုပ်နေတဲ့ ပြည်သူအချို့ကို တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လမ်းသွားလမ်းလာပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီနား- ဆွမ်ပရာဘွမ် လမ်းမကြီး နောင်နန်းတိုက်နယ်ကျေးရွာအနီးမှာ တည်ရှိတဲ့ အထက်ပါ ဂိတ်စခန်းမှာ မနက် ၆ နာရီကနေ ည၆နာရီအထိ စောင့်ကြပ်လေ့ရှိတယ်လို့လည်း နောက်ထပ် ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီ ပ.လ.န နယ်မြေရဲကင်းစခန်းကို ဗုံးခွဲတိုက်မှုတွေအပြင် လူတစ်စုကနေ လာရောက်ပစ်ခတ်တာတွေ နှစ်ကြိမ်ထက်မနည်း ရှိခဲ့ဖူးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here