နိုဝင်ဘာ၊၂၆
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ် တနိုင်းမြို့မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး RC ဘုရားကျောင်းဝင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်မိသားစုတွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းလာပါတယ်။
မိုးတွင်းကာလကတည်းက မြစ်ကြီးနား- တနိုင်းလမ်းပျက်စီးမှုတွေကြောင့် တနိုင်းမြို့မှာ ကုန်ဈေးနှုန်းတွေ တောက်လျှောက်မြင့်တက်နေတာဖြစ်ပြီး စစ်ရှောင်မိသားစုတွေအတွက် စားဝတ်နေရေး ဖြေရှင်းရာမှာ ပိုပြီးအခက်ကြုံလာရတယ်လို့ စခန်းတာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အစားသောက် ကူညီပေးတာတွေရပေမဲ့ ကုန်ဈေးနှုန်းတက်တော့ အရမ်းခက်လာတာပေါ့နော်။ လမ်းကြောင့်မို့လို့ ကုန်ဈေးနှုန်းက လျော့တာမရှိဘူး။ နေအိမ်တွေလည်း အရင်ကဆောက်ထားတာ ကြာပြီဆိုတော့ မိုးယိုတာနဲ့ ဆွေးသွားတာနဲ့ နေစရာလည်းခက်။ စားဖို့ သောက်ဖို့လည်းခက်နဲ့ အရမ်းခက်လာတာ။“ လို့ တာဝန်ခံက ဆိုပါတယ်။
မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြား မိသားစုစားဝတ်နေရေး အဆင်ပြေဖို့ ရုန်းကန်နေရသလို လက်ရှိနေထိုင်နေတဲ့ စခန်းတွင်းက နေအိမ်တွေလည်း ဆောက်လုပ်ထားတာ ကြာမြင့်လာတာနဲ့အမျှ ဆွေးမြေ့လာပြီး လွန်ခဲ့တဲ့နှစ်ကကြုံခဲ့ရတဲ့ မိုးသက်လေပြင်းနဲ့ မိုးသီးဒဏ်တွေကြောင့် သွပ်တွေပေါက်ပြီး မိုးယိုတာတွေအထိ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။
နေအိမ်ပြင်ဆင်ဖို့လည်း အစစအရာရာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေးကြောင့် အခက်အခဲကြုံနေရသလို လစဉ်အစားသောက်ဖိုး အကူအညီရရှိပေမဲ့ လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာလို့ ပြောပါတယ်။
တနိုင်း မနောင်ကွင်းအနီးက အထက်ပါ RC ဘုရားကျောင်းဝင်းအတွင်းမှာ စစ်ရှောင်အိမ်ထောင်စု ၁၃၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ရဲ့ တိုက်ပွဲကြောင့် အောင်လော့ဒ် ကျေးရွာနဲ့ ဆွတ်မိုင်ကျေးရွာတွေဘက်က တိမ်းရှောင်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန် တနိုင်းမြို့မှာ ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေပြီး ကြက်ဥ တစ်လုံး ကျပ်တစ်ထောင်၊ ကြက်သွန်နီတစ်ပိဿာ ကျပ်နှစ်သောင်းခွဲစသဖြင့် မြင့်တက်နေပြီးတော့ ဓာတ်ဆီတစ်ဂါလံ ကျပ်ခြောက်သောင်းအထိ မြင့်တက်နေတာပါ။
မြစ်ကြီးနား – တနိုင်းကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ မိုးရာသီကာလ ရေကြီးရေလျှံဖြစ်တဲ့နောက်ပိုင်း ပျက်စီးမှုတွေ ဆိုးရွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပျက်စီးနေဆဲဖြစ်တာကြောင့် ကားတွေခရီးပေါက်ဖို့ ဆင်၊ဘက်ဟိုး စတာတွေနဲ့ ဆွဲယူသွားလာ နေရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။