တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်၊ နေအိမ်တွေ မီးလောင်ပျက်စီးနေဟု ဗိုလ်မှူးကြီးနော်ဘူပြော

228

 

စက်တင်ဘာ၊၁၂

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာဘက်ကို စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲချနေတဲ့အတွက် ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)၊ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက စစ်ကောင်စီရဲစခန်းသိမ်းခံရပြီးနောက် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဒီကနေ့ နေ့လယ်ပိုင်းက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဆက်ဖြစ်နေတဲ့အတွက် ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျေးရွာတွေမှာလည်း ဗုံးတွေကြောင့် မီးတွေလောင်တယ်။ လေယာဉ်တွေလည်း နှစ်ခေါက် သုံးခေါက် လာသွားတယ်တဲ့။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်တဲ့။ အဲဒီဗုံးတွေကြောင့် ဆိုင်းတောင်ဘက် မီးတွေလောင်နေတယ်။လို့ ဗိုလ်မှူးကြီးနော်ဘူက လက်ရှိအခြေအနေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်တာတွေရှိတယ်လို့ ကြားသိရပေမဲ့ ဆက်သွယ်ရေးလိုင်း အခြေအနေကြောင့် အသေးစိတ်တော့ မသိရသေးပါဘူး။

ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက ဒေသခံပြည်သူအချို့ ဘေးလွတ်ရာသို့ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြတာတွေလည်းရှိပြီး တစ်ချို့ကတော့ အိမ်စောင့်အနေနဲ့ ရှိနေကြသေးတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေကနေ ဆိုင်းတောင်စစ်ကောင်စီရဲစခန်းကို မနေ့ညပိုင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ၆ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိနေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here