ဧပြီ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အပါအဝင် ပြည်နယ်ဝန်ကြီး (၇) ဦးကို အဂတိလိုက်စားမှုဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်က ယနေ့ ဧပြီလ (၂၂) ရက်နေ့တွင် ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
အဆိုပါဝန်ကြီးချုပ်နှင့် ဝန်ကြီးများကိုအဂတိလိုက်စားမှုများ ပြုလုပ်ထားသည်ဟု ဆိုကာ စစ်ကောင်စီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ ပုဒ်မ (၅၅) ဖြင့် အမှုဖွင့်ကာ တရားရင်ဆိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်အား အဂတိ။အမှုပေါင်း ၄ မှု၊ တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်းအား အမှုပေါင်း ၆ မှု၊ တစ်မှုလျှင် ၃ နှစ်စီဖြစ် (၃ မှုအား တစ်ပေါင်းထဲကျခံစေ) စုစုပေါင်း ထောင်ဒဏ် ၉ နှစ် စသည်ဖြင့် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
ထို့အပြင် ကျန်ဝန်ကြီးများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်း နှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း တို့အား အမှု ၂ မှု၊ တစ်မှုလျှင် ၃ နှစ်စီဖြင့် ထောင်ဒဏ် ၆ နှစ်ဖြစ်သော်လည်း နှစ်မှုအတွက် တစ်ပေါင်းထဲကျခံစေပြီး တစ်ဦးလျှင် ထောင်ဒဏ် ၃ နှစ်၊ စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီ နှင့် လူမှုရေး ဝန်ကြီးဦးနေဝင်းအားအမှု တစ်မှု စီအတွက် ထောင်ဒဏ် ၃ နှစ် စီစသည်ဖြင့် အသီးသီး ချမှတ်ခဲ့ကြောင်း ဝန်ကြီးများနှင့် နီးစပ်သူများထံက သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါဝင် ဝန်ကြီး(၇) ဦးတို့သည် စစ်တပ်က အာဏာစသိမ်းသည့် အချိန်ကတည်းကပင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ပုဒ်မ များတပ်ကာ တရားစွဲဆိုခဲ့ပြီးနောက် မြစ်ကြီးနားမြို့ အကျဉ်းထောင်ထဲ၌ လက်ရှိအချိန်ထိ ချုပ်နှောင်ထားပြီး တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
ပုဒ်မ ၅၅ သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။







