မေ၊၁၃
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း (R Hkawng Lum) ဟာ ဒီကနေ့ညနေ ၆ နာရီကျော်လောက်မှာ အသည်းရောဂါကြောင့် ဆုံးပါးသွားပြီလို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ အသည်းရောဂါဝေဒနာကို ခံစားနေရသူဖြစ်ပြီး ဒီကနေ့ညနေပိုင်းမှာတော့ သူ့ရဲ့နေအိမ်အတွင်းမှာပဲ ဆုံးပါးသွားတာလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။
“KIO စစ်ဦးစီးချုပ် ဟုတ်ပါတယ်။ အသည်းရောဂါကြောင့် ဆုံးသွားတာပါ။ ဟိုတစ်လောက ဆေးရုံသွားပြီး ပြန်လာတာ။ ဒီညနေ ၆ နာရီကျော်မှာ ဆုံးသွားတာပါ။“ လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
အသက် ၆၀ အရွယ်ခန့် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း (R Hkawng Lum) ဟာ ၁၉၈၈ ခုနှစ်မှာ KIA ဆီ စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အထက်ပါရာထူးကို ထမ်းဆောင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ KIA ရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီဆီကနေ သိမ်းပိုက်ထားတဲ့ ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေး၀န်ကြီးတို့ သွားရောက်စစ်ဆေးခဲ့တဲ့ ပုံတွေကိုလည်း NUG က ထုတ်ပြန်ခဲ့ပါတယ်။