KIA မှ စစ်တပ် စစ်စခန်းတစ်ခုအား သွားရောက်ပစ်ခတ်

819

မတ်၊၂၄

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ယနေ့မတ်လ(၂၄) ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် မိုင်ဂျာယန်နှင့် လိုင်ဇာ သွားသည့် လမ်းမှ စစ်တပ်စခန်းတစ်ခုဖြစ်သည့် အလောဘွမ်စစ်စခန်းကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ သွားရောက်ပစ်ခတ်ရခြင်းအား KIO/KIA မှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှုးကြီးနော်ဘူက “အလောဘွမ် ပစ်နေတယ်။ ဘာလို့ပစ်လဲဆိုတော့ စစ်တပ်က ဒီ ၂/၃ရက်ပိုင်းမှာ တပ်ရင်း (၃) ဘက်မှာ လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဆမားဘက်ကိုလည်းပစ်တယ်။ ခေါင်ရှောင်စစ်ရှောင်စခန်းဘက်ကိုလည်းပစ်တယ်။ တရုတ်နယ်စပ်ဘက်ကိုတောင် လက်နက်ကြီးကျလာတယ်။ လိုင်ဇာနဲ့ မိုင်ဂျာယာန်လမ်းမကြီးကို ဖျက်သိမ်းလိုက်ဖို့ လုပ်နေတယ်။ အဲ့ဒါကြောင့် အလောဘွမ် စစ်တပ်ကို သွားပစ်တာ။” ဟု ပြောသည်။

လက်ရှိ အာဏာသိမ်းစစ်တပ်နှင့် KIA တို့၏ စစ်ရေးအခြေအနေအရ ပြည်သူလူထုများအား ဗိုလ်မှူးကြီးနော်ဘူက အောက်ပါအတိုင်း ပြောကြားသည်။

“စစ်တပ်က ပြည်သူလူထုတွေနေတဲ့ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးတွေပစ်ထည့်နေတယ်ဆိုတော့ သတိရှိစွာနေရအောင်။ သတင်းတွေနားစွင့်ပြီးနေရအောင်လို့ပြောချင်ပါတယ်။” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း စစ်တပ်နှင့် KIA တို့ မတ်လ (၁၁) ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here