အောင်မြေ ၁ ကျေးရွာက အင်လုံခပြည်သူ့စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

33
အင်လုံခပြည်သူ့စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

 

မတ်၊၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၁ ကျေးရွာမှာရှိတဲ့ အင်လုံခ တံတားစောင့် ပြည်သူ့စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ ညနေပိုင်းလောက်မှာ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

အင်လုံခ ပြည်သူ့စစ်ဂိတ်စခန်းကို မနေ့က မတ်လ ၇ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းမှာတော့ အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ အောင်မြေ ၁ ကျေးရွာဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

အောင်မြေ () ကိုတော့ အပြီးသိမ်းလိုက်ပြီ။ ရွှေညောင်ပင် ၃၂၁ စခန်း သိမ်းတယ်ဆိုတဲ့ သတင်းကတော့ မမှန်ပါဘူး”လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ ဒီကနေ့မနက် ပိုင်းကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရပြီးနောက် အင်လုံခတပ်စခန်းဘက် မွန်းလွဲ ၂ နာရီနောက်ပိုင်း မီးခိုးတွေထွက်တာတွေ့ရှိရပြီး စခန်းသိမ်းတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်လို့ သိရပါတယ်။

အထက်ပါ အင်လုံခတံတားဂိတ်မှာ ဇန်နဝါရီလအတွင်းက လီဆူလူမျိုးတွေသာမက လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါးလူမျိုးတွေကိုပါ ဖမ်းဆီးပြုတာတွေ ပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးလေ့ရှိတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီးက စစ်ကောင်စီ အထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို မနေ့ကနေ မနက်ပိုင်းကနေ KIA ဘက်က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။

မတ်လ ၇ရက်နေ့နဲ့ ဒီကနေ့ မတ်လ ၈ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ဖွန်းပျန်တောင် (Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီးအပြင် ဘွမ်ရေဘွမ်(Bumre bum)နဲ့ ခယာတောင်(Hkaya Bum)တပ်စခန်းကြီး အနီးအနားက ရှေ့တန်းကာကင်းစခန်းငယ်တွေ စုစုပေါင်း စခန်းကြီး/ငယ် ၁၀ခုကျော်လောက်ကို KIAကနေ သိမ်းပိုက်ထားနိုင်ပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြု ပြောဆိုချက်အရ သိရတာပါ။

အောင်မြေ ၁ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here