အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၈၀၀ ကျော်သေဆုံး

22
တိုင်းနှင့်ပြည်နယ်အလိုက် အမျိုးသမီးများဖမ်းဆီးခံရမှုပြ မြေပုံ
Photo and Source - AAPP

မတ်၊၈

ဒီကနေ့ကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၈၀၀ ကျော် ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ဒီနှစ် ဖေဖော်ဝါရီလကုန်အထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅,၄၁၆ ဦးအထိ ရှိပြီး သတ်ဖြတ်ခဲ့တဲ အမျိုးသမီး ၈၁၀ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ အမျိုးသမီးအယောက် ၃၀ အသက်ဆုံးရှုံးခဲ့ကြရပြီး အဲဒီထဲမှာ ၉ ဦးက လက်နက်ကြီးနဲ့ပစ်လို့ ထိမှန်သေဆုံးခဲ့တာဖြစ်ပြီးတော့ ၇ ဦးကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရပြီးနောက် ၅ ဦးသေဆုံးတဲ့အပြင် ၃ ဦးကတော့ စစ်ကြောရေးမှာ နှိပ်စက်တဲ့ဒဏ်ကြောင့်သေဆုံးသွားရပြီး နောက် ၁ ဦးကတော့ အရှင်လတ်လတ်မီးရှို့ခံရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေအတွက်ကတော့ ရန်ကုန်တိုင်း ၁,၃၈၃၊ မန္တလေးတိုင်း ၈၉၇၊ စစ်ကိုင်းတိုင်းဒေသကြီး ၆၇၃၊ တနင်္သာရီတိုင်း ၄၂၁၊ ပဲခူးတိုင်း ၃၉၉၊ မကွေးတိုင်း ၃၀၄၊ ဧရာဝတီတိုင်း ၂၇၃၊ မွန်ပြည်နယ် ၂၅၅၊ ရှမ်းပြည်နယ် ၂၄၈၊ ကချင်ပြည်နယ် ၁၉၆၊ ကရင်ပြည်နယ် ၁၄၄၊ နေပြည်တော် ၇၆၊ ချင်းပြည်နယ် ၄၈၊ နေရပ်မသိ ၄၇၊ ကယားပြည်နယ် ၄၄ နဲ့ ရခိုင်ပြည်နယ် ၃၈ ယောက်ဖြစ်ပြီး စုစုပေါင်း ၅, ၄၁၆ ဦးရှိတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေနဲ့ လက်လှမ်းမီသလောက် ရယူထားတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက် တကယ့်မြေပြင်မှာတော့ ဒီထက်ပိုပြီး များပြားနေနိုင်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရမှုတွေထဲမှာ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်တာ( သို့မဟုတ်) သတ်ဖြတ်ပြီးနောက် အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၃ ဦးအပါအဝင် အမျိုးသမီး ၁၄ ဦးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် (AAPP)အနေနဲ့ အတည်ပြုဖို့လိုအပ်နေသေးတဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၈ ဦးဟာလည်း အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

ပဋိပက္ခအတွင်း အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ နိုင်ငံတကာရာဇဝတ်ခုံးရုံးရဲ့ ပြဌာန်းချက်အရ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရခြင်းတွေကို ဖမ်းဆီးခံရတဲ့ အချိန်ကစပြီး စစ်ကြောရေးတွေနဲ့ အကျဉ်းထောင်ထဲ နေရတဲ့အချိန်တွေမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခံရတာနဲ့ ရိုက်နှက်တာခံရတာအပြင် လိင်အသားပေး ပြောဆိုလှောင်ပြောတာတွေနဲ့ အရှက်သိက္ခာမဲ့အောင် လုပ်ဆောင်ပြောဆိုတာတွေအထိ အမျိုးမျိုးပြုကျင့် ခံနေကြရတယ်လို့ သိရပါတယ်။

အဲဒီလို ဆိုးရွာရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတကာ တရားဥပဒေကြောင်းများအရ ထိရောက်တဲ့ အရေးယူမှုတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ AAPP ကအလေးအနက်ထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့နဲ့ တန်းတူအခွင့်အရေးပေးတာတွေ ရှိစေဖို့အတွက် မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့လို့ ကမ္ဘာကသတ်မှတ်ခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရောက်တိုင်း အမျိုးသမီးအရေး လှုပ်ရှားသူတွေဟာ ဆောင်ပုဒ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ကျင်းပနေကြတာဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “လူသားအားလုံးတိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြပါစို့” ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here