ဆယ်ဇင်းကျေးရွာအတွင်းသို့ ဩဂုတ်လအကုန်အထိ မဝင်ကြရန် KIA ပြောဆိုထားဟုဆို

325
ဆယ်ဇင်း-ကျေးရွာ

ဩဂုတ်၊၁

ဆယ်ဇင်းကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ဒေသခံတွေကို ကျေးရွာအတွင်းဩဂုတ်လကုန်ထိ မဝင်ကြဖို့ ပြောဆိုထားတာတွေရှိတယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

လက်ရှိချိန်မှာ ဆယ်ဇင်းကျေးရွာတွင်း ဝင်ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပြီး ရွာတွင်းနေထိုင်တဲ့ ဒေသခံတွေတွက် စားရေးသောက်ရေးပြေလည်စေဖို့ ကုန်စည်ယာဉ်တွေကိုပဲ တစ်ခါတစ်လေ ဝင်ခွင့်ပေးထားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဝင်လို့ ရပြီလားဆိုတော့ မဝင်နဲ့ဦးပေါ့နော်။ အဝင်မခံသေးဘူးပေါ့နော်။ ဒီ (၈) လပိုင်းထိတော့ မဝင်ကြဖို့ပြောထားတယ်လို့ ပြောတယ်။ ဒီကနေ ရှောင်သွားတဲ့ အနီးဆုံးပေါ့နော်။ တာမခံဘက်ကို ရှောင်သွားတဲ့ စစ်ရှောင်တွေဆိုရင် စားရေးသောက်ရေးအရကော နေရေးထိုင်ရေးအရကော ရွာထဲပြန်ဝင်ချင်ကြပေမယ့် အဝင်မခံသေးဘူးပေါ့နော်” လို့ ဒေသခံက ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာတွင်းက တပ်စခန်းကုန်းမှာ စစ်ကောင်စီဘက်က စစ်သား (၂၀၀) လောက် တပ်စွဲနေထိုင်လျက်ရှိပြီး စစ်ကိုင်းတိုင်း နမ့်ပုတ်ကျေးရွာ ဘုန်းကြီးကျောင်းမှာလည်း (၁၀၀) ကျော် ရှိနေပြီးတော့ စစ်ကြောင်းပြန်ထွက်ဖို့ပြုလုပ်နေကြတယ်လို့ ဒေသခံက ဆက်ဆိုပါတယ်

“ စစ်ကြောင်းအခြေအနေက သူတို့က ပြန်ထွက်ဖို့ ကြိုးစားနေကြတာ။ သူတို့ရဲ့ သတ်မှတ်လမ်းကြောင်းတိုင်း ထွက်ဖို့ ကြိုးစားနေတဲ့ခါမှာ သူတို့ဘက်ကလည်း ဟိုဘက်ကိုတော့ သူတို့က ဘာမှမလုပ်ဖို့တော့ KIA ကိုတော့ ပြောနေတာကြားတယ်။” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာဟာ အိမ်ထောင်စု (၁၀၀၀) ကျော်လောက် ရှိတဲ့ ကျေးရွာဖြစ်ပြီး KIA နဲ့ စစ်ကောင်စီတို့ရဲ့  စစ်ရေးတင်းမာမှုတွေကြောင့်  ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here