အင်ဝန့်ကောင် ပြည်သူ့စစ်ဂိတ်စခန်းကို KIA သွားရောက်တိုက်ခိုက်

633
KIA-တပ်သားများ

ဇူလိုင်၊၁၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နဲ့ ဆဒုံးမြို့နယ်ကြားက  အင်ဝန့်ကောင်(N’wan Kawng)ပြည်သူ့စစ် ဂိတ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့မနက် အစောပိုင်း(၂)နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့စစ် စစ်သားအင်အား(၂၀)ဝန်းကျင်လောက် ရှိတဲ့ အဲဒီပြည်သူ့စစ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီလို့လည်းသိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အဲဒီဂိတ်စခန်းက ပြည်သူ့စစ် စစ်သားတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူ ရှိပြီး လက်နက်တွေကိုလည်း KIAက သိမ်းဆည်းရမိခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အဲဒီ ဂိတ်က ဝါးတန်းတွေ တားထားတာတော့ မရှိဘူး။ စခန်းတော့ လုပ်ထားတာပေါ့။ ရွာနဲ့က (၃)ဖာလုံ‌ လောက်ဝေးတာပေါ့။ ဆိုင်ကယ်(၂)စီးအပါ လက်နက်တွေရော သိမ်းဆည်းရမိတယ်။ ပြည်သူ့စစ် စစ်သား‌တွေ သေတဲ့သူ ရှိတယ်။ဘယ်နှစ်ယောက်ဆိုတာတော့ မသိဘူး”လို့ သူက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာ ဘက်မှာလည်း  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့၊ လီဆူပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိစစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here