အင်းတော်ကြီးဒေသမှာ စစ်ကောင်စီ၊ရှမ်းနီ ပူးပေါင်းတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေ

25

 

မေ၊၁၄

မိုးညှင်းခရိုင်၊အင်းတော်ကြီးဒေသက ဆနွင်းကုန်း အင်းသာကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ရှမ်းနီ စစ်ကောင်စီ ပူးပေါင်းတပ်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ရှမ်းနီ SNA ပူးပေါင်းတပ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ အင်းတော်ကြီး ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မနေ့ညကနေ အခုထိ SNA စစ်ကောင်စီပူးပေါင်းအဖွဲ့နဲ့ KIA တို့ ဆနွင်းကုန်း အင်းသာဘက် ခြမ်းမှာ တိုက်နေကြတယ်။ အခုထိ ကြားနေရတယ်။ အခုက ဒရုန်းနဲ့ ပစ်နေကြတယ်။

ဒီကနေ့ မနက်ပိုင်းကနေ ဆနွင်းကုန်းဘက်ခြမ်းမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ ကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒီမနက်ကနေ ဆနွင်းကုန်းဘက် ပြန်မြည်နေတာဟုတ်တယ်။ လက်နက်ကြီးသံတွေတော့ ဒီမနက်က တော်တော်ကြားရတယ်။ မနေ့ည နန့်မွန်းကနေ စစ်ကြောင်းပြန်ထိုးလာလို့ ဖြစ်တယ်လို့ ကြားတယ်။ လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဆနွင်းကုန်း အင်းသာဘက်က ဒေသခံတွေကတော့ နီးစပ်ရာကိုရှောင်တိမ်းသွားကြပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသကို ဟိုပင်ကနေ လက်နက်ကြီး ပစ်ခတ်တာမရှိပေမဲ့ လေယာဉ်ပျံဝဲမှုတွေတော့ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကတည်း စစ်ကောင်စီဟာ အင်းတော်ကြီးဒေသကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာအပြင် မြေပြင်မှာ စစ်အင်အားတိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေ လုပ်‌ဆောင်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း အင်းသာနဲ့ ဆနွင်းကုန်း ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သား ထိခိုက်တာနဲ့ နေအိမ် ထိခိုက်ပျက်စီး မှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကာလကို မေလ ကုန်အထိ ထပ်တိုးထားတာဖြစ်ပေမဲ့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေပြီး မြေပြင်မှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here