ကချင်ပြည်နယ်တွင် ကျောက်ကပ်အထူးကုဆရာဝန်မရှိသည့်အပြင် ဆေးကုသမှုစရိတ်နှင့် ဆေးဝါးကုန်ကျစရိတ်များယခင်ကထက် ပိုမိုမြင့်တက်လာသောကြောင့် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းမှ နာတာရှည်ကျောက်ကပ်ရောဂါဝေဒနာရှင်များ အခက်အခဲကြုံတွေ့နေရသည်။
နာတာရှည်ကျောက်ကပ်သမားများသည် ကျောက်ကပ်တစ်ကြိမ်ဆေးပါက လေးနာရီကြာအချိန်ပေးရပြီး ရက်သတ္တပတ်အတွင်း နှစ်ကြိမ်သန့်စင်ပေးနေသောကြောင့် လက်ရှိမြင့်တက်နေသည့်ဆေးဖိုးဝါးခများကြောင့် အဆင်မပြေမှုများ ရှိနေသည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း ကြီးမားလှသည့် ရောင်ဂါဝေဒနာများ ကုသနိုင်ရန်အတွက် ဆေးရုံဆေးခန်းများတွင် အထူးကု ဆရာဝန်နှင့် သမားတော်များ ရှားပါးနေခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း မြို့ကြီးများမှ တဆင့် ဝယ်ယူရသဖြင့် ရောဂါဝေဒနာရှင်များက ရန်ကုန်၊မန္တလေး အစရှိသည့် မြို့ကြီးများတွင် သွားရောက်ကုသကြရသည်။
စစ်တပ်မှ အာဏာသိမ်းလိုက်သည့်နောက်ပိုင်း နိုင်ငံရေးမတည်မငြိမ် ဖြစ်နေသည့် အချိန်ကာလတွင် ဆေးဝါးရရှိရေးအတွက် ခက်ခဲမှုတွေ ဖြစ်ပေါ်လာရပြီး နောက်ဆက်တွဲ အခက်အခဲအမျိုးမျိုးကိုလည်း ရောဂါဝေဒရှင်များ ရင်ဆိုင်ကြုံတွေ့နေရသည်။
အာဏာမသိမ်းခင်အချိန်က ကျောက်ကပ်သန့်စင်သည့် စက်ပစ္စည်းကိရိယာများကို ရထားဖြင့်သယ်ယူပို့ဆောင်၍ ကုန်ကျစရိတ် သက်သာသော်လည်း လက်ရှိလမ်းခရီး အခြေအနေကြောင့် မော်တော်ယာဉ်များဖြင့် တင်ဆောင်နေရသည့်အတွက် ကုန်ကျစရိတ်များ မြင့်တက်လာနေသည်။
“အဓိက က လမ်းခရီးတွေပိတ်သွားတာ ပေါ့နော်။ အရင်က ရထားနဲ့တင်တော့ သယ်ယူစရိတ်ကနည်းတယ်။ အခုနောက်ပိုင်းကျ ကားနဲ့ဆိုတော့ ပစ္စည်းသယ်ယူခတွေက မြင့်လာတယ်။ ကျောက်ကပ်ဆေးပုံးတွေက ဒေါ်လာဈေးနဲ့ဆိုတော့ ဒေါ်လာဈေးတက်လာရင် ဆေးခတွေလည်း ကြီးသွားတာပေါ့နော်။” ဟု ဝိုင်းမော်ြမို့မှ ကျောက်ကက်ဝေဒရှင် အမျိုးသမီးတစ်ဦးက သူ၏ အခက်အခဲကို ရှင်းပြသည်။
ယခင်က ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် ကျောက်ကပ်သန့်စင်ခ ကျပ်ငါးသောင်းသာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်ခြောက်သောင်းဝန်းကျင်ထိ ရှိနေပြီး ကျောက်ကပ်သန့်စင်ရာတွင် အသုံးပြုသည့် ကိရိယာသည်လည်း ကျပ်တစ်သောင်းရှစ်ထောင်ထိ မြင့်တက်သွားကြောင်း ဆိုသည်။
ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်ချိန်က ကျပ်သုံးသောင်းခွဲဝန်းကျင်သာ ကုန်ကျခဲ့သော်လည်း လက်ရှိရင်စိန်ဆေးရုံတွင် ကျောက်ကပ်ကု ကိရိယာ နှင့် သန့်စင်ခအပါအဝင် ကျပ်ခုနှစ်သောင်းဝန်းကျင်ခန့် ကုန်ကျနေသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသည်ဟု ကဘူဒမ်းစစ်ရှောင်စခန်းမှ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးက ဆိုသည်။
“အရင်က ပြည်သူ့ဆေးရုံမှာဆေးတာ သုံးသောင်းကျော်ပဲ။ အခုက ရင်စိန်ဆေးရုံမှာဆေးနေတာ ကျောက်ကပ်အတုနဲ့ဆိုရင် ခုနှစ်သောင်းလောက်ကျတယ်။ ဆေးရုံကြီးမှာက ရေသန့်စက် ပျက်နေတယ်ဆိုလို့ မဆေးဖြစ်တာ တစ်လကျော်ရှိပြီ။ အခက်အခဲတွေများတော့ ကျောက်ကပ်မဆေးဖြစ်တဲ့အချိန်တွေတောင် အများကြီးရှိတယ်။ဒီလိုပဲ ကိုယ့်အမတွေ ညီမတွေ သူငယ်ချင်းတွေဆီ အကူအညီတောင်းပြီး တစ်ရက်ပြီးတစ်ရက်ကျော်ဖြတ်ခဲ့တာပေါ့။” ဟုဆိုသည်။
ထို့အပြင် ကျောက်ကပ်သမားများ နေ့စဉ်မှီဝဲနေသည့် သံဓာတ်အားဆေးများနှင့် အချို့သောဆေး ဝါးများလည်း အာဏာသိမ်းကာလ နောက်ပိုင်းတွင် ပြတ်လပ်မှုများရှိလာပြီး ဝယ်ယူရရှိရန်လည်း ပိုမိုခက်ခဲလာသည်ဟု အောင်မြင်သာစံပြကျေးရွာမှ ကျောက်ကပ်ဆေးကုသမှု ခံယူနေသူတစ်ဦးက ပြောသည်။
“ဆေးကအခုနောက်ပိုင်းဆို ပိုဆိုးတယ်။ လက်မောင်းမှာထိုးတဲ့ ဆေးတွေဆို ဝယ်လို့မရဘူး။ ဝယ်မယ်ဆိုလည်း ဈေးတအားကြီးတယ်။ အရင်တုန်းက တစ်သောင်းကျော်ဆိုရင် အခု သုံးသောင်ကျော်ဖြစ်နေပြီ။ ကျွန်မတို့ကျောက်ကပ်သမားတွေက သံဓာတ်အားဆေးတွေ၊ တခြားအားဆေးတွေလည်း ကျောက်ကပ်ကြည့်တဲ့ အချိန်တိုင်း ထိုးရတယ်။ မထိုးရင်လည်း မထနိုင်တော့ဘူး။ အဲဒါတွေလည်း နှစ်သောင်းကျော် သုံးသောင်းကျော်ထိ ဝယ်ရတယ်။ သွေးစစ်ခလည်း ဈေးတက်လာတယ်။” ဟု အထက်ပါဝေဒနာရှင်က ဆိုသည်။
ယင်းကဲ့သို့ ဆေးဝါးပစ္စည်းပြတ်လပ်ခြင်းနှင့် ဈေးမြင့်တက်မှုများ ကြုံတွေ့ရသောကြောင့် ပုံမှန်သောက်သုံးနေသည့် ဆေးဝါးများအစား အမျိုးအစားတူ၍ ဈေးသက်သာသော ဆေးဝါးများကို အသုံးပြုနေရကြောင်း ဝိုင်းမော်မြို့နယ်မှ ကျောက်ကပ်ဝေဒနာရှင်တစ်ဦးက ဆိုသည်။
” ဆေးတွေက သုံးထောင်၊လေးထောင်၊ ငါးထောင် အဲလိုမျိုးတွေတက်လာတယ်။ Phosphorus ကိုချပေးတဲ့ အစာစားတဲ့ချိန်မှာ အတူတူတွဲသောက်ရတဲ့ဆေးဆိုရင် ဈေးကြီးတယ်။တစ်ကဒ်ကို ကိုးထောင်ကျော် ရှစ်ထောင်ကျော်ထိရှိတယ်။ အစာစားတိုင်းသောက်မယ်ဆိုရင် တစ်ကဒ်ကို နှစ်ရက်လောက်ပဲခံတယ် ။ ရေရှည်သောက်ရတော့ မဝယ်နိုင်ဘူး။ ဈေးနည်းပြီး သူနဲ့တူတဲ့ဆေးမျိုးတွေဝယ်သောက်တယ်။ ”
အဆိုပါ ဆေးဝါးများကို ပုံမှန်မရရှိပါက ကိုယ်ခန္ဓာယားယံမှုများ ဖြစ်ပေါ်လာသည့်အပြင် ကယ်လ်ဆီယမ် ဓာတ်လျော့နည်းမှုကြောင့် ဒူးခေါင်းနှင့် အရိုးဆိုင်ရာ ရောဂါလက္ခဏာများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။
လက်ရှိ ကျောက်ကပ်သန့်စင်ခနှင့် ဆေးဖိုးဝါးခများအပါဝင် လူနာတစ်ဦးလျှင် ကျောက်ကပ်တစ်ကြိမ်သန့်စင်ပါက ပျှမ်းမျှ တစ်သိန်းခွဲခန့် ကုန်ကျနေပြီး အာဟာရဖြည့်စွက်စာများလည်း ဝယ်ယူရသည့်အတွက် ငွေကြေးများစွာကုန်ကျနေသည်။
၎င်းတို့အနေဖြင့် တစ်ပတ်လျှင် ကျောက်ကပ်အား နှစ်ကြိမ် သန့်စင်ပေးရမည်ဖြစ်သော်လည်း ငွေရေးကြေးရေး ခက်ခဲမှုများကြောင့် ငါးရက်ခြားတစ်ကြိမ်နှင့် တစ်ပတ်တစ်ကြိမ်သာ သန့်စင်နေရသည့် လူနာများလည်း ရှိနေသည်။
ကျောက်ကပ်ဝေဒရှင်များ အနေဖြင့် မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ မလိဇွပ်ဆေးရုံ၊ ရင်စိန်ဆေးရုံနှင့် မလိဂင်ဒိုင်ဆေးခန်း ၊နန်းလုံးကြိုင် စသည့်နေရာများတွင် ကျောက်ကပ်သန့်စင်နေကြောင်း သိရသည်။
ယင်းနေရာများတွင် ကျောက်ကပ်သန့်စင်နိုင်သော်လည်း ကျောက်ကပ်အထူးကု ဆရာဝန်မရှိသည့်အတွက် အထွေထွေသမားတော်များနှင့်သာ ဆေးခန်းပြသနေရသောကြောင့် အရေးပေါ်အခြေအနေများတွင် အခက်အခဲများစွာ ကြုံတွေ့နေကြောင်းဆိုသည်။
“ခက်ခဲတာက မန္တလေး၊ရန်ကုန်ဆင်းပြီး ဆေးခန်းပြရတဲ့အခါ ခရီးစရိတ်၊နေစရိတ် ၊ စားစရိတ်တွေကြောင့် ငွေပိုကုန်တော့ တစ်နှစ်နေမှ တစ်ခါတောင် ဆေးခန်းမပြနိုင်ခဲ့ဘူး။ အထူးကုမရှိတော့ အရေးပေါ်ဆိုရင် အခက်အခဲအများကြီးကြုံရတယ်။” ဝိုင်းမော်မြို့က ကျောက်ကပ်ဝေဒရှင် အမျိုးသမီးက ဆိုသည်။
ထိုကြောင့် အချို့သော လူနာများသည် ရန်ကုန် ၊မန္တလေးမြို့ပြကြီးများမှ ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ကာ အွန်လိုင်း VIBER များမှတဆင့် ဆေးကုသမှု ခံယူနေကြသည်။
ထို့အပြင် ကျောက်ကပ်ဝေဒနာရှင်များသည် လက်ရှိပြန့်ပွားနေသည့် Covid−19 ကပ်ရောဂါကူးစက်ခံရပါက အချိန်မီ ကျောက်ကပ်သန့်စင်ခြင်း မပြုလုပ်နိုင်မည်ကိုလည်း စိုးရိမ်နေကြရသည်။